.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Friday, August 26, 2011

ရဝေနွယ်အသစ် ( နှစ် )

ဖြစ်ပေါ်လာတဲ့အကုသိုလ်ကို ပယ်ပစ်ဖို့က သိပ်အရေးကြီးပါတယ်။  ဒီနေရာမှာ မြတ်စွာဘုရား ဟောကြားထားတဲ့ မူလပဏ္ဏာသပါဠိတော် ဝိတက္က သဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ်ပယ်နည်းငါးနည်းကို  အဓိကထား ပြောသွားရအောင်ပါ။

ဝိတက္ကသဏ္ဌာနသုတ်ဆိုတာ ကိုယ့်ရင်ထဲကို အကုသိုလ်တရားတွေဝင်လာရင် အကြောင်းငါးပါးနဲ့ပယ်ပုံကို ဟောပြထားတဲ့သုတ်ပါ။ ရာဂ၊ ဒေါသ ၊ မောဟ၊ ဣဿာမစ္ဆရိယစတဲ့ အကုသိုလ် အညစ်အကြေးတွေ ဝင်လာရင် အကြောင်းတရားငါးပါးကို နှလုံးသွင်းပြီး ပယ်ဖျောက်ပစ်ရမှာပါ။ အဲဒီ အကြောင်းငါးပါးနဲ့ ပယ်ပုံကို ရေးပြသွားရအောင်ပါ။

၁။ ကုသိုလ်တရားကို ဆင်ခြင်ပါ။

၁။ ရာဂ ဒေါသ မောဟ နဲ့စပ်ယှဉ်တဲ့ အကုသိုလ်တွေ ဝင်လာတဲ့အခါ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေ ပြောင်းပြီး နှလုံးသွင်းလိုက်ပါတဲ့။

ပါဠိတော်မှာတော့ ကုသိုလ်နဲ့ စပ်ယှဉ်တာတွေပြောင်းပြီး ဖျောက်ပါလို့ပဲ ဆိုထားပါတယ်။ ဘယ်လို ကုသိုလ်တွေ ဆိုတာတော့ ပြမထားပါဘူး။ ဒါကို အဋ္ဌကထာက ကုသိုလ်နဲ့ စပ်ယှဉ်တာတွေကို ဖွင့်ပြပေးပါတယ်။

ရာဂဖြစ်လာရင် အသုဘဘာဝနာ နှလုံးသွင်းပြီး ဖျောက်ပါတဲ့။ ဒေါသဖြစ်လာရင်မေတ္တာပွါးပြီးဖျောက်ပါတဲ့။ ဒီကဏ္ဍမှာပဲ မဟာစည်ဆရာတော် ဘုရားကြီးက“ဘယ်ကိလေသာမဆို ဖြစ်ပေါ်လာရင် သမထတစ်ခုခုကို နှလုံးသွင်းပြီး ဖျောက်ရပါမယ်”လို့ မိန့်ထားပါတယ်။ ပယ်လည်း ပယ်နိုင်တယ်လို့ ထပ်မိန့်ပါတယ်။

ဒီတော့ ဆရာတော်ဘုရားကြီး မိန့်မှာတာကိုအာရုံပြုပြီး အကုသိုလ်ကိလေသာစိတ်တစ်ခုခု ဝင်လာတဲ့အခါ ကိုယ်အားသန်ရာ သမထကုသိုလ် တစ်ခုခုကို ပွါးပြီးပယ်လိုက်လို့လည်း ရပါတယ်။

ဥပမာ-အကုသိုလ်စိတ်တစ်ခုခုဝင်လာတာနဲ့အရဟံဂုဏ်တော်လေးပဲဖြစ်ဖြစ်၊ ပွါးနေလိုက်ရင်လည်း ပျောက်သွားတာများပါတယ်။ ဒါမှမဟုတ် “ ငါသည် မုချဧကန် သေရမည်။ ငါ၏ ရှင်ခြင်းသည် မမြဲ၊ ငါ၏ သေခြင်း သည်မြဲ၏”လို့ မရဏာနုဿတိကို ထပ်ကာ ထပ်ကာ ပွါးနေလိုက်လို့လည်း ရပါတယ်။ဘယ်သူပဲဖြစ်ဖြစ်သေခြင်းတရားအကြောင်းကိုတွေးလိုက်ရင် အကုသိုလ်စိတ် ဖြစ်ချင်စရာမရှိတော့ပါဘူး။

၂။ အပြစ်ကို ဆင်ခြင်ပါ။

၂။ ကုသိုလ်တရားတွေ နှလုံးသွင်းလို့မှ မပျောက်ရင် အကုသိုလ်ရဲ့အပြစ်ကို ဆင်ခြင်ပြီး ဖျောက်ပါတဲ့။

ရင်ထဲမှာ အကုသိုလ်စိတ်ဖြစ်လာရင် “ဒီအကုသိုလ်တွေဟာ အပါယ်လေးပါးကို ကျသွားနိုင်တယ်၊ စားရမဲ့သောက်ရမဲ့ပြိတ္တာလည်းဖြစ်သွားနိုင်တယ်။ သုဂတိဘဝကိုလည်း မရောက်နိုင်ဘူး။ သံသရာခရီးတစ်လျှောက် ဘဝကို ကမောက်ကမဖြစ်သွားနိုင်တယ်” စသည်ဖြင့် ဆင်ခြင်ပြီး ဖျောက်ရပါမယ်။

လူတွေဟာ အကုသိုလ်လုပ်ရမှာသာ မကြောက်တာ၊ အကုသိုလ်ရဲ့ အပြစ်ခံရမှာတော့ လူတိုင်းကြောက်ကြ ပါတယ်။

အသိတစ်ယောက်ကတော့ ဘုရားရှိခိုးပြီးတိုင်း “ငရဲနှင့်ဆင်းရဲ ကင်းလွတ်ရပါလို၏”လို့ အမြဲဆုတောင်းပါသတဲ့။ ရင်းနှီးနေတာနဲ့ စာရေးသူက ပြန်ပြော လိုက်ပါတယ်။ “ညညကျတော့ ခြင်ရိုက်တဲ့  လျှပ်စစ်ဘက်တံကြီး နဲ့ ခြင်တွေ သတ်သတ်နေပြီးတော့ လွတ်ပါလိမ့်မယ် ငရဲနဲ့ ဆင်းရဲ”လို့ ပြောမိပါတယ်။

ငရဲနဲ့ဆင်းရဲကိုတော့လူတိုင်းကြောက်ကြပါတယ်။အထူးသဖြင့် ငရဲကိုတော့ပိုလို့တောင်ကြောက်ကြပါသေးတယ်။ ဒါကြောင့် အကုသိုလ်စိတ်ဖြစ် လာရင် ငရဲကို ဆင်ခြင်လိုက်လို့လည်းရပါတယ်။

ငရဲကိုဆင်ခြင်၊ သံဝေဂဖြစ်ပြီး ဝိပဿနာရှုမှတ်လိုက်တာ ရဟန္တာဖြစ်သွားတဲ့သီဟိုဠ်ဇာတ်လမ်းလေး တစ်ပုဒ်ကို ပြောပြချင်ပါသေးတယ်။

တခါတုန်းက သီဟိုဠ်ကျွန်းမှာ မိလက္ခဆိုတဲ့မုဆိုးကြီးတစ်ယောက်ရှိပါတယ်။ သူကမိသားစုအတွက်မုဆိုးလုပ်ပြီး ကျွေးပါတယ်။ ဒါတင်မက ပါဘူး တောထဲသွားတဲ့အခါ တောထဲမှာပဲရတဲ့ သားကောင်တွေကို ဖုတ်ကင်စားသောက်လေ့ရှိပါတယ်။

တစ်နေ့တော့ သားကောင်တွေဖုတ်ကင်စားသေက်ပြီးရေဆာလို့အနီးမှာရှိတဲ့ ဘုန်းကြီးကျောင်းကိုဝင်ပါတယ်။ရေအိုးကိုဖွင့် လိုက်တော့ရေက တစ်စက်မှ မရှိပါဘူးတဲ့။ ဒီတော့ မုဆိုးကြီးက ဘာပြောလိုက်သလဲ ဆိုတော့ “ ရဟန်းတွေက ခရီးသွားတွေအတွက် ရေလေးတောင် ထည့်မထားကြဘူး။ ပျင်းလိုက်ကြတာ၊ ဒကာ ဒကာမလှူတာစားပြီး အိပ်နေကြတာပဲ”လို့ အသံထွက် ကဲ့ရဲ့လိုက်ပါတယ်။ ဒါကို ကျောင်းထိုင်မထေရ်က ကြားပြီး ရေအိုးကို ဖွင့်ကြည့်လိုက်တော့ ရေအိုးထဲမှာ ရေတွေ အပြည့်ရှိနေပါသတဲ့။ မထေရ်က “အင်း… လူစင်စစ်က ပြိတ္တာ ဖြစ်နေပြီ” ဆိုပြီး ရေကို ကိုယ်တိုင် တိုက်ပေး ပါတယ်။

အကုသိုလ်ကံတွေဟာ သိပ်ကြောက်ဖို့ ကောင်းပါတယ်။ တစ်ဆင့်ကြားဖူးတာပါ။ တစ်ခါတုန်းက အင်းသူကြီးတစ်ယောက် ရန်ကုန်မြို့ကို လာရင်း ရွှေတိဂုံစေတီကို တက်ဖူးပါသတဲ့။ ဒါပေမယ့် ရင်ပြင်ပေါ်ရောက် တော့ ရွှေတိဂုံကို မမြင်ရပါဘူးတဲ့။ ဒီတော့ အင်းသူကြီးက နယ်ပြန်ရောက်တဲ့ အခါ ချောင်းထဲက သူ့အင်းတိုင် တွေကို “ဒီ အင်းတိုင်တွေက ငါတို့ မိသားစုကို ထမင်းကျွေးတာပဲ”ဆိုပြီး အင်းတိုင်တွေကို ရွှေချထားပါသတဲ့။

အကုသိုလ်ကံတွေ  သိပ်များလာရင်  သဘာဝတရားတွေက  ပုံမှန်အတိုင်းဖြစ်နေပေမယ့် သူတို့အတွက်တော့ ပြောင်းပြန် ဖြစ်ခြင်ဖြစ်နေတတ်ပါတယ်။

အပြင်မှာ ဘယ်လောက်ပဲအေးနေအေးနေ သူတို့အတွက် ပူချင်ပူနေတာပါ။ မိတ်ကောင်းဆွေကောင်းတွေက တရားစကားတွေနဲ့ ဘယ်လောက်ပဲဖေး မဖေးမ၊ မတရားစကားလို့ပဲထင်နေတော့တာပါ။ ဘယ်သူ့ကိုမှလည်းအကောင်းမမြင်တော့ပါဘူး။ကိုယ့်မှာတရားနဲ့ဖေးမ,ပေးတဲ့ မိတ်ကောင်းဆွေကောင်း လည်း သိပ်လိုအပ်ပါတယ်။ မိတ်ကောင်းဆွေကောင်းဆိုတာ ငွေထက်တန်ဖိုးရှိပါတယ်။ အချိန်မီသိပြီး အချိန်မီကုစားနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်နွံနစ်သွားရင် ကယ်ဖို့ခက်သွားပါပြီ။ ဘေးကနေ ဒီအတိုင်း ထိုင်ကြည့်နေရတော့တာပါ။

ကျောင်းထိုင်မထေရ်က မုဆိုးကြီးကိုရေတိုက်ပြီး“ဒကာ… သင်လုပ်ထားတဲ့ အကုသိုလ်ကြီးက ကြောက်စရာကြီး၊ သင်လူစင်စစ်က ပြိတ္တာဖြစ်နေပြီ ကိုယ့်ဟာကိုယ် စဉ်းစားပေတော့”လို့ မိန့်ပါတယ်။

မုဆိုးကြီးလည်းကြောက်လန့်သွားပြီးတောထဲမှာထောင်ထားတဲ့ ကျော့ကွင်းတွေကို ဖျက်ဆီးပစ်လိုက်ပါတယ်။ အိမ်ပြန်ရောက်တဲ့အခါမှာလည်းမိထားလှောင်ထားတဲ့ သားကောင်တွေကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ပြီးတော့ မိသားစုထံ ရဟန်းဝတ်ဖို့ ခွင့်ပန်ပါတယ်။

ခွင့်ပြုချက်ရတာနဲ့ တရားဟောလိုက်တဲ့မထေရ်ဆီပြန်လာပြီး ရဟန်းဝတ်လိုက်ပါတယ်။ ရဟန်းဝတ်ပြီး ဝိပဿနာတရားကို ကြိုးကြိုးစားစား အားထုတ် ပါတယ်။ ဒါပေမယ့်တရားထိုင်တဲ့အခါ မုဆိုးဘဝက သတ်ခဲ့ဖြတ်ခဲ့တာတွေ အကုန်ပြန်ပေါ်နေလို့ တရားကိုဘယ်လိုမှ အားထုတ်လို့ မရဘူးဖြစ်နေ ပါတယ်။

နောက်ဆုံး စိတ်ဓာတ်ကျပြီး လူထွက်တာပဲကောင်းပါတယ်ဆိုပြီး မထေရ်ထံလူပြန်ထွက်ပေးဖို့ ခွင့်တောင်းပါတယ်။ ဒီတော့မထေရ်က မုဆိုးဦးဇင်းကြီး ကို ငရဲအကြောင်း ဟောပြပါတယ်။ ပြီးတော့ “သင်လူထွက်ရင် အဲဒီငရဲမှာ ခံရလိမ့်မယ်”လို့ ဟောလိုက်ပါတယ်။

မုဆိုးဦးဇင်းကြီးကလည်း“အဲဒီငရဲကို ကြည့်လို့မရဘူးလား”လို့လျှောက်ပါတယ်။ ကျောင်းထိုင်မထေရ်က“ငရဲတော့ ကြည့်လို့မရဘူး၊ တခြား တစ်နည်း နဲ့ ပြတာပေါ့”ဆိုပြီး ကိုရင်တွေကို သစ်သားထင်းအစိုတွေ အများကြီး ရှားခိုင်းပြီး ကျောက်ဖျာပေါ်မှာ ပုံခိုင်းလိုက်ပါတယ်။ တန်ခိုးနဲ့ ငရဲကနေ မီးပွါးလေး တစ်ခုယူပြီး ထင်းအစိုပုံကြီးပေါ် ပစ်ချလိုက်တာ တစ်ခါတည်းထင်းအစိုပုံကြီး ပြာဖြစ်သွားပါတယ်။ ဒါကို မြင်လိုက်ရတော့ မုဆိုး ဦးဇင်းကြီး ငရဲကို ပိုကြောက်သွားပါတယ်။ လူမထွက်တော့ဘူးဆိုပြီး တရားကို ကြိုးကြိုးစားစား ပြန်အားထုတ်ပါတော့တယ်။

ညပိုင်းမှာသိပ်အိပ်ငိုက်လာရင်ကောက်ရိုးကရွတ်ခွေကြီးလုပ်ပြီး အဲဒီ ကောက်ရိုးကရွတ်ခွေကြီးကိုရေစိမ်၊ရေတွေ တစ်စက်စက်ကျနေတဲ့ ကရွတ်ခွေကြီးကို ခေါင်းပေါ်တင်ထားလိုက်ပါတယ်။ ဒီတော့ အိပ်ချင်စိတ် တွေ ပျောက်သွားပါတယ်။ ဆက်လက်ပြီး အားထုတ်လိုက်တာ ရဟန္တာဖြစ် သွားပါတော့တယ်။

ငရဲကိုဆင်ခြင်လိုက်လို့ ရဟန္တာဖြစ်သွားတာတော့ မဟုတ်ပါဘူး။ “ဝိပဿနာအစ သံဝေဂက” ဆိုတဲ့အတိုင်း ငရဲကို ဆင်ခြင်၊ ဆင်ခြင်မှုကတဆင့် သံဝေဂဖြစ်။ သံဝေဂကို အခြေခံပြီး  ဝိပဿနာရှုမှတ်လိုက်တာ တရားထူး ရသွားတဲ့ သာဓကတစ်ခုပါ။

ငရဲကို ဆင်ခြင်လိုက်တာနဲ့ သံဝေဂဖြစ်၊ ရဟန္တာတောင် ဖြစ်သွားသေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့လောက်တော့ကောင်းကောင်းကြီး အကူအညီပေးနိုင်ပါတယ်။ ဒီသာဓကကိုထောက်ပြီး အကုသိုလ်စိတ် ဖြစ်လာရင် ငရဲကို ဆင်ခြင်ပြီး ဖျောက်လို့လည်း ရပါတယ်။

၃။ နှလုံးမသွင်းပါနဲ့

နံပါတ်(၃)က အကုသိုလ်အပြစ်ကို ဆင်ခြင်လို့မှ မပျောက်ရင် အဲဒီအကုသိုလ်စိတ်ကို နှလုံးမသွင်းပါနဲ့တဲ့။

နှလုံးမသွင်းပါနဲ့ရဲ့နောက်မှာအဋ္ဌကထာက တစ်ခြားအာရုံကိုဖြစ်စေလိုက်ပါတဲ့။ တချို့အတွေးတွေဟာတွေးလိုက်ရင် ကုသိုလ်ဖြစ်ပါတယ်။ တချို့ အတွေးတွေကျတော့ တွေးလိုက်ရင်အကုသိုလ်ဖြစ်ပါတယ်။ အကုသိုလ်ဖြစ်တဲ့အတွေးကိုမှတ်ထားပြီး မတွေးမိအောင်နေရမှာပါ။

နှလုံးမသွင်းပါနဲ့၊ မတွေးပါနဲ့ဆိုပေမယ့်တွေးချင်တွေးနေမှာပါ။ စိတ်ကိုထိန်းချုပ်ဖို့ သိပ်ခက်ပါတယ်။ ဒီတော့အကုသိုလ်အတွေးကို တခြားအာရုံ တစ်ခုနဲ့ အစားထိုးပေးရမှာပါ။

တချို့ကျတော့လည်း မကျေနပ်တဲ့အာရုံကိုသေချာပုံဖေါ်သေချာနှလုံးသွင်းပြီး အကုသိုလ်ဖြစ်နေတာပါ။ နှလုံးသွင်းလေ အကုသိုလ်စိတ် ဖြစ်လေပါပဲ။ နှလုံးမသွင်းရင် အကုသိုလ်စိတ် မဖြစ်ပါဘူး။ ဒီနှလုံးမသွင်းပါနဲ့ ကဏ္ဍကိုအဋ္ဌကထာမှာ အဆင့်ဆင့်အကျယ်ဖွင့်ပြထားတာ အကုသိုလ်စိတ် ပယ်ချင် သူတွေအတွက် သိပ်စိတ်ဝင်စားဖို့  ကောင်းတာပါ။

နှလုံးမသွင်းပါနဲ့တဲ့။ အဲဒီလိုမှမပျောက်ရင် ကမ္မဋ္ဌာန်းအပေါ်ကျေးဇူးများတဲ့ပါဠိကို အသံခပ်ကျယ်ကျယ်နဲ့ ရွတ်ပစ်လိုက်ပါတဲ့။ ခပ်တိုးတိုးတောင် မဟုတ်ပါဘူး။ အသံကျယ်ကျယ်နဲ့ ရွတ်ရမှာပါ။

ဒါကိုထောက်ပြီး အကုသိုလ်စိတ်ဝင်လာရင် ရထားတဲ့ပါဠိကို လမ်းကိုရှေ့နောက်အပြန်ပြန် လျှောက်ပြီး ရွတ်နေလိုက်ရုံပါပဲ။

ဥပမာ… ဒိဝါတပတိဂါထာရွတ်နေကျဆိုရင်လည်း လမ်းလျှောက်ရင်း အခေါက်တစ်ရာလောက် ရွတ်ပစ်လိုက်ပေါ့။ စာမှာပြထားတဲ့အတိုင်း အသံ ကျယ်ကျယ်နဲ့ ရွတ်ပေးရမှာပါ။ အခေါက်တစ်ရာပြည့်သွားတဲ့အခါ အကုသိုလ်လည်းပျောက်၊ ကုသိုလ်လည်းရောက်ပါပဲ။ အကျိုးနှစ်ခုရတော့တာပါ။

အဲဒီလိုမှ မပျောက်ရင် ဘုရားဂုဏ်၊ တရားဂုဏ်အကြောင်းတွေ ရေးထားတဲ့စာအုပ်တွေ ဖတ်လိုက်ပါတဲ့။ ဆရာတော်အရှင်ဇနကာဘိဝံသရဲ့ “ရတနာ့ဂုဏ်ရည်”၊ “ကိုယ်ကျင့်အဘိဓမ္မာ” ၊ ဦဇင်းအရှင်ဆန္ဒာဓိကရဲ့ “လိုတရနှလုံးသား”စသည်ဖြင့် အများကြီးပါပဲ။ စိတ်ကစာထဲရောက်သွားတာနဲ့ အကုသိုလ်ကပျောက်သွားတာပါပဲ။ တချို့ဆို စာအုပ်တစ်အုပ်ဖတ်ပြီး ဘဝတစ်ခုလုံးတောင်ပြောင်းသွားသေးတာဆိုတော့ အကုသိုလ်စိတ် ပျောက် ဖို့ လောက်တော့ မခက်ပါဘူး။ ဒီတော့အကုသိုလ်ဝင်လာရင် စာဖတ်လိုက်ပါ။

ဒီနေရာမှာ အဋ္ဌကထာဆရာက အကုသိုလ်စိတ် ဝင်လာတဲ့အခါ ဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်လို့ အကုသိုလ်စိတ် ပျောက်သွားပုံလေးကို သီဟိုဠ်ဝတ္တုလေး တစ်ပုဒ်နဲ့ သာဓကပြထားပါသေးတယ်။

အဲဒီဝတ္ထုလေးက စာရေးသူရဲ့ “ကုသိုလ်ဖြစ်အောင်တွေးမယ်” စာအုပ်ထဲမှာ ပါပြီးသားဆိုတော့ ခပ်ကျဉ်း ကျဉ်းပဲ ရေးပြရအောင်ပါ။

တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ ကိုရင်တိဿဆိုတဲ့ ကိုရင်တစ်ပါးရှိပါတယ်။ တစ်နေ့တော့ ကိုရင်တိဿဟာ အကုသိုလ်ကာမဝိတက်တွေ ဝင်လာပြီး လူထွက်ချင်စိတ် ပေါက်လာပါတယ်။ ဒါကြောင့် ဆရာဥပဇ္ဈာယ်ကို လူထွက်ချင်ကြောင်း သွားလျှောက်ပါတယ်။ ဆရာက“ကိုရင်တိဿရယ် သင်လူထွက်လိုကထွက်ပါ။ တို့မတားပါဘူး။ ဒါပေမယ့် တို့နေတဲ့အရပ်ဟာ ချိုးရေရှားတယ်။ ရေပေါတဲ့စိတ္တရတောင်ဘက်ကို ပို့ပေးပါဦး”လို့ မိန့်ပါတယ်။

ကိုရင်တိဿလည်း ရေပေါတဲ့ စိတ္တရတောင်ဘက်ကို ပို့ပေးပါတယ်။

စိတ္တရတောင်ရောက်တော့ ဆရာက တစ်ခါ “ဒီစိတ္တရတောင်မှာရှိတဲ့ကျောင်းတွေဟာ အများပိုင်ကျောင်း တွေ၊ သံဃိကကျောင်းတွေဆိုတော့ အစစ အရာရာဆင်ခြင်နေရတယ်။ ဒါကြောင့် ကိုယ်ပိုင်ကျောင်းလေး တစ်ကျောင်းတော့ လိုချင်တယ်။ လူမထွက်ခင် ဆောက်ပေးခဲ့ပါဦး”လို့ ထပ်မိန့်တော့ ကိုရင်တိဿလည်း ဆရာကို နောက်ဆုံးကျေးဇူးဆပ်ခြင်းဆိုပြီးကျောင်းငယ်လေးကို ကိုယ်တိုင်ဆောက်ပေးပါတယ်။

ကျောင်းဆောက်ရင်းတေဇောကသိုဏ်းလည်းပွါး၊ သံယုတ္တနိကာယ်ကိုလည်းရွတ်ဖတ်နေပါတယ်။ကျောင်းပြီးတော့ ဆရာကိုခေါ်ပြပါတယ်။ ဆရာက “ကိုရင်တိဿရယ် သင့်ကျောင်းလေးက သိပ်ကောင်းတာပဲ၊ ဒီတစ်ညတော့ သင်ဆောက်တဲ့ကျောင်းလေးမှာ သင်ပဲအိပ်လိုက်ပါဦး၊ပြီးတော့ လူမထွက် ခင် ဝိပဿနာတရားကိုလည်းကျောင်းလေးထဲမှာ ပွါးများလိုက်ပါဦး”လို့ မိန့်ပါတယ်။ ကိုရင်တိဿလည်း တရားတွေပွါးများလိုက်တာ နောက်ဆုံး ရဟန္တာ ဖြစ်သွားပါတော့တယ်။

အဋ္ဌကထာဆရာက အကုသိုလ်ဝိတက်တွေ ဝင်လာတဲ့အခါ ဝေယျာဝစ္စ ကျောင်းဆောက်မှုကို လုပ်လိုက် တာ အကုသိုလ်ဝိတက်တွေ ပျောက်ပြီး ရဟန္တာဖြစ်သွားပုံကို ပြထားတာပါ။

ကိုယ်ကဒီသာဓကလေးကို ထောက်ပြီး အကုသိုလ်စိတ်ဝင်လာတဲ့အခါဝေယျာဝစ္စတစ်ခုခုကို ထလုပ်လိုက်ဖို့ပါ။ အဝတ်လျှော်တာ၊ တံမြက်စည်း လှည်းတာ၊ ဘုရားပန်းအိုးလဲတာ စသည်ဖြင့်ပေါ့။

မန္တလေးက ဒကာမတစ်ယောက်ကတော့ စိတ်ဆိုး ဒေါသထွက်လာရင် ဘီဒိုထဲမှာ ခေါက်ထားတဲ့ အဝတ် တွေကို အကုန်ဆွဲချလိုက်ပါသတဲ့။ပြီးတော့ ဖွပစ်လိုက်ပါသတဲ့။ ပြီးမှတစ်ထည်ချင်းပြန်ခေါက်ပါသတဲ့။ ဘီဒို တစ်လုံးစာ ခေါက်ပြီးသွားရင် စိတ်ဆိုး ဒေါသတွေပြေသွားပါသတဲ့။ သူရဲ့ အကုသိုလ် ပယ်နည်းကလည်းမှတ်သားစရာပါပဲ။ အဓိကကတော့ ဝင်လာတဲ့အကုသိုလ်ပျောက်သွားဖို့ပါပဲ။ ကိုယ်ကြိုက်ရာ နှစ်သက်ရာအလုပ်တစ်ခုကို ထလုပ် လိုက် ဖို့ပါ။ အကုသိုလ်အာရုံနေရာမှာ တခြားအာရုံတစ်ခုနဲ့အစားထိုးလိုက်တဲ့သဘောပါ။

ဒီနှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာပဲ မဟာစည်ဆရာတော်ဘုရားကြီးက-ရှုမှတ်မှုကို ခဏရပ်ထားပြီး နှစ်နာရီ သုံးနာရီလောက်ပဲဖြစ်ဖြစ်နေ့ဝက်ပဲဖြစ်ဖြစ်၊ တစ်နေ့ပဲဖြစ်ဖြစ် မေ့မေ့ပျောက်ပျောက် အတူတူနေပုဂ္ဂိုလ်တွေနဲ့ အလွတ်စကားပြောနေလိုက်ပါတဲ့။

ဒီတော့ အကုသိုလ်ဝင်လာရင် မိတ်ဆွေတစ်ယောက်ယောက်ဆီ ဖုန်းဆက်လို့ပဲဖြစ်ဖြစ် သွားလို့ပဲဖြစ်ဖြစ် အလွတ်စကားတွေအေးအေးဆေးဆေးပြောနေလိုက်ပေါ့။ စိတ်ကစကားထဲမှာပဲ ရောက်နေတဲ့အတွက် ဖြစ်နေတဲ့ အကုသိုလ်ကို အာရုံမရောက်တော့ပါဘူး။

ဒါမှမဟုတ်ရင်လည်း စေတီကိုသွားဖူးလိုက်ပါတဲ့။ ဒီတော့အကုသိုလ်စိတ်ဖြစ်လာရင် ရွှေတိဂုံစေတီပဲ ဖြစ်ဖြစ်၊ ဆူးလေစေတီပဲံဖြစ်ဖြစ်၊ မဟာမြတ် မုနိပဲဖြစ်ဖြစ်၊ ကိုယ့်မြို့မှာရှိတဲ့ စေတီတစ်ဆူဆူပဲဖြစ်ဖြစ် သွားဖူးလိုက် ဖို့ပါ။

နောက်ဆရာတော်ကြီးက ရေချိုးပါ၊ အဝတ်လျှော်ပါတဲ့။ နောက်ဆုံး အိပ်လိုက မရှုမှတ်တော့ဘဲ အိပ်ပစ် လိုက်ပါတဲ့။

ဆရာတော်ဘုရားကြီးက အကုသိုလ်ကိုရှုမှတ်မှုနဲ့မပယ်နိုင်ရင်တောင် တစ်ခြားရတဲ့နည်းတစ်ခုခုနဲ့ ပယ်ပစ်နိုင်ဖို့မိန့်ပြထားတာပါ။ ဆရာတော် ဘုရားကြီးရဲ့မေတ္တာကရုဏာတော်ပါပဲ။ အကုသိုလ်ဖြစ်လာရင်တော့ ဘယ်နည်းနဲ့ဖြစ်ဖြစ် ရတဲ့နည်းနဲ့ ပယ်ပစ်နိုင်ဖို့ပါပဲ။

အကုသိုလ်စိတ်ဖြစ်ပုံခြင်းကတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ပါဘူး။ အကုသိုလ်ပယ်နည်းတွေ အများကြီးရှိပေမယ့် ပယ်တဲ့နေရာမှာလည်း တစ်ယောက်နဲ့တစ်ယောက်သပ္ပါယသင့်ပုံခြင်း မတူနိုင်ပါဘူး။ ဘယ်လိုပုံစံနဲ့ပဲဖြစ်ဖြစ် အရကောက်လိုက်တော့ အကုသိုလ်ကတော့ အကုသိုလ်ပါပဲ။

အကုသိုလ်စိတ် တစ်ခုဝင်လာရင် တချို့ကျတော့ ဂါထာရွတ်လိုက်ရင် ပျောက်သွားပါတယ်။ တချို့ကျတော့ဝေယျာဝစ္စတစ်ခုခု လုပ်လိုက်ရင်ပျောက် သွားပါတယ်။ တချို့ကျတော့ ဘုရားစေတီသွားဖူးလိုက်ရင်ပျောက်သွား ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သပ္ပါယသင့်ပုံခြင်း မတူတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့နည်းနဲ့  ပယ်ရမှာပါ။ ဒီတော့ ကိုယ်နဲ့ သပ္ပါယသင့်တဲ့နည်းကို သိထားဖို့ သိပ်အရေးကြီးပါတယ်။ အကုသိုလ်စိတ် ဝင်လာတဲ့အခါ နည်း မျိုးစုံနဲ့ စမ်းကြည့်ပေါ့။ ကိုယ်နဲ့အဆင်ပြေတဲ့နည်းကို မှတ်ထားလိုက်ဖို့ပါ။

နှလုံးမသွင်းပါနဲ့ဆိုတဲ့ကဏ္ဍမှာတော့ အဋ္ဌကထာမှာကော မဟာစည်ဆရာတော်ဘုရားကြီးကကော အကျယ်ဖွင့်ပြထားပါတယ်။ ဒီမှာတော့ လူနဲ့ဆိုင် တာတွေလောက်ပဲ  ခပ်သင့်သင့် ရေးပြလိုက်ပါတယ်။

၎။ အကြောင်းကိုရှာပါ

၎။ နှလုံးမသွင်းဘဲနေလို့မှ မပျောက်ရင် အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းကိုရှာပြီး ဖျောက်ပါတဲ့။

အဋ္ဌကထာက အကြောင်းရင်းရှာပုံကို ဇာတ်ဝတ္ထုလေးနဲ့ ပြထားပါတယ်။ အားလုံးကြားဖူးတဲ့ ဝတ္ထုလေးပါ။ ထန်းပင်တွေနဲ့ရောနေတဲ့ဥသျှစ် ပင်အောက် မှာ ယုန်တစ်ကောင် ဝပ်နေတုန်း ဥသျှစ်သီးကြွေကျတာကိုမြေပြိုပါပြီ ဆိုပြီး ထွက်ပြေးကြတဲ့ဝတ္ထုပါ။ သတ္တဝါတွေ အဆင့်ဆင့်ပြေး ရင်းနောက်ဆုံး ဘုရားအလောင်း ခြင်္သေ့မင်းက ဥသျှစ်သီးကိုပြပြီးမြေပြိုတာမဟုတ်ဘူး၊ ဥသျှစ်သီး ကြွေကျတာလို့ ပြောပြတဲ့ ဝတ္ထုလေးပါ။

အဋ္ဌကထာဆရာက ဘုရားအလောင်းဟာ အကြောင်းရင်း ရှာပြလိုက်တဲ့အတွက် သတ္တဝါတွေ ချမ်းသာသွားရသလို အကုသိုလ်ဖြစ်လာရင် အကြောင်း ရင်း ရှာဖျောက်ပါလို့ ဥပမာသာဓကနဲ့ ရှင်းပြထားပါတယ်။

တစ်ခါတလေ အကုသိုလ်ဖြစ်ရခြင်းရဲ့ အကြောင်းရင်းက သေးသေးလေးပါ။ ကိုယ်က ပုံကြီးချဲ့တွေးပြီး ခံစားနေလို့ အကုသိုလ်က ကြီးသထက်ကြီးနေ တာပါ။ အကြောင်းရင်း သိရတဲ့အခါ ခပ်ပါးပါးလေးရယ်ပါ။ ခွင့်လွှတ် မယ်ဆိုရင် ခွင့်လွှတ်လို့ရတဲ့ အရာလေးပါ။ တစ်ခါတလေကျတော့လည်း ကိုယ့်စိတ် ကူးနဲ့ကိုယ် အထင်မှားနေတာ လည်း ရှိပါတယ်။ တကယ်တမ်းကျတော့ ကိုယ်ထင်သလိုမဟုတ်ပါဘူး။ အကြောင်းရင်းကို သိလိုက်ရတော့ ဘာမှလည်း မဟုတ်တော့ပါဘူး။ အကုသိုလ်ဖြစ်တာပဲ အဖတ်တင်ပါတယ်။

၅။ သွားအံကိုကြိတ်ပါ။

၅-က အကြောင်းရင်းရှာလို့မှ မပျောက်ရင် သွားတွေ အံတွေကြိတ်ပြီးဖျောက်ပါတဲ့။ လျှာနဲ့ အာခေါင်ကို ထောက်ပြီး ဖျောက်ပါတဲ့။

ဒါတွေကတော့ ဝိတက္ကသဏ္ဌာနသုတ်ကလာတဲ့ အကုသိုလ်ပယ်နည်းတွေပါပဲ။ တစ်ယောက်နဲ့တစ်ယောက် သပ္ပါယသင့်ပုံခြင်းမတူတော့ ကိုယ်ကြိုက်တဲ့နည်းနဲ့ ပယ်ရုံပါပဲ။

ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်တဲ့သူဟာ အလုပ်နှစ်ခုကို လုပ်ရပါမယ်။ တစ်ဖက်က ဝင်လာတဲ့ အကုသိုလ်တွေကို ပယ်ပစ်ရမှာဖြစ်သလို တစ်ဖက်ကလည်း ပိုက်ဆံမကုန်တဲ့ သိက္ခာသုံးပါးကို ပွားများ အားထုတ်ရမှာပါ။

အသစ်တည်ဆောက်ဖို့ မိနစ် နှစ်ဆယ် စောထပါ။

အထူးသဖြင့် သိက္ခာသုံးပါးကို ဖြည့်ကျင့်ပြီး ကိုယ့်ကိုယ်ကို အသစ်ပြန်တည်ဆောက်ရမှာပါ။

သိက္ခာသုံးပါးတည်ဆောက်တဲ့နေရာမှာ မနက်အိပ်ရာထကိုယ်လက်သန့်စင်ပြီးတဲ့အခါ တည်ဆောက်တာကအကောင်းဆုံးပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မနက်အိပ်ရာထစဆိုတော့ ဘာအာရုံမှမတွေ့သေးပါဘူး။ ဒီတော့အာရုံကြောင့်ဖြစ်တဲ့အကုသိုလ်မဝင်သေးပါဘူး။ အကုသိုလ် ဝင်မလာသေးတဲ့အတွက် စိတ်ကလည်း ကြည်လင် နေပါတယ်။ ဒါကြောင့် ကိုယ်လက်သန့်စင်ပြီးရင် ဘုရားခန်းထဲ တန်းဝင်လိုက်ပါ။

ဒါပေမယ့် လူတိုင်းလူတိုင်းဟာ အလုပ်ကိုယ်စီရှိကြတဲ့အတွက် မအားကြပါဘူး။ မအားတဲ့ကြားထဲက အချိန်ယူဖို့ ဆိုတာလည်း မလွယ်လှပါဘူး။ ဒါကြောင့် အချိန်ပိုတစ်ခုရဖို့အတွက် မနက်ကို မိနစ်နှစ်ဆယ် စောထ လိုက်ပါ။ မိနစ် နှစ်ဆယ်လောက်တော့ ကိုယ့်အတွက် အိပ်ချိန်ထူးပြီး မထိခိုက်ပါဘူး။ အိပ်ချိန်မထိခိုက်သလို မိသားစုအလုပ်၊ ကိုယ်ပိုင်အလုပ်ကိုလည်း မထိခိုက်တော့ပါဘူး၊ ဒါမှမဟုတ် မိနစ်နှစ်ဆယ်စော အိပ်ရာဝင် လိုက်ပါ။

ဒီတော့ ကိုယ်လက်သန့်စင်ပြီးတာနဲ့ ဘုရားခန်းထဲ တန်းသွားလိုက်ပါ။ ပြီးတော့ ဘုရားကို ဦးသုံးကြိမ်ချပြီး ငါးပါးသီလ ယူလိုက်ပါ။ ဦးချတာ သီလ ယူတာက သုံးမိနစ်လောက် ရှိပါလိမ့်မယ်။ ဒါဆို သီလသိက္ခာတည်သွား သလို သီလဝိသုဒ္ဓိ= သီလဖြူစင်သူလည်း ဖြစ်သွားပါပြီ။

နောက်-ဂုဏ်တော်ကိုငါးမိနစ်၊မေတ္တာကိုငါးမိနစ်၊မရဏာနုဿတိကိုနှစ်မိနစ်၊ ဝိပဿနာကိုငါးမိနစ်ပွါးလိုက်ပါ။ ဒါဆိုအားလုံးပေါင်း မိနစ် နှစ်ဆယ်ရှိပါလိမ့်မယ်။

မိနစ်နှစ်ဆယ်အချိန်ပေးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုအသစ်တည်ဆောက်ပြီးသား ဖြစ်သွားသလို သီလဖြူ စင်သူလည်းဖြစ်၊ သိက္ခာသုံးပါးတည်သူ လည်း ဖြစ်သွားတော့တာပါ။

ဒီလိုပါပဲ။ မနက်မိနစ်နှစ်ဆယ်စောထပြီး သိက္ခာသုံးပါးဆောက်တည်တာလေးကို စွဲနေအောင်လုပ်ထား လိုက်ပါ။ စွဲသွားရင် စွဲသွားတော့တာပါပဲ။

ဘဝရဲ့တစ်နေ့တာကို သိက္ခာသုံးပါးနဲ့ ဖွင့်လိုက်ရတာဟာ ကိုယ့်ကိုယ်ကို သိပ်ကြည်ညိုဖို့ ကောင်းတာပါ။ ကိုယ့်ဘဝ အသစ်ပြန်တည်ဆောက်ဖို့ မိနစ်နှစ်ဆယ်လေးတော့ အချိန်ပေးသင့်ပါတယ်။

သိက္ခာသုံးပါးတည်ပြီး တစ်နေ့တာနောက်ပိုင်း မနှစ်သက်တဲ့ အာရုံကြောင့်ပဲဖြစ်ဖြစ်၊  တွေးလို့ပဲဖြစ်ဖြစ် အကုသိုလ်စိတ်လေးတွေ ဝင်လာရင်လည်း အထက်ကအကုသိုလ်ပယ်နည်းတွေထဲက ကိုယ်နဲ့အဆင်ပြေမယ့် နည်းကိုယူပြီး ပယ်ပယ်သွားရမှာပါ။ လူငယ်စကားနဲ့ ပြောရရင်တော့ ကိုယ်နဲ့ အိုကေ မယ့် နည်းကိုယူပြီး ပယ်သွားဖို့ပါ။

တချို့အကုသိုလ်တွေကျတော့ ဖြစ်ချင်လွန်းလို့မဟုတ်ဘဲ၊  မထင်မှတ်ဘဲဖြစ်သွားရတာတွေလည်းရှိပါတယ်။    ဖြစ်ပြီးခါမှ“သြော်…ဒီအကုသိုလ်တွေ ငါဖြစ်သွားပါလား”ဆိုပြီး ကိုယ့်ကိုယ်ကို တအံ့တသြဖြစ်ရတာပါ။ ဒါတွေဟာ အတိတ်တိတ်က ပါလာတဲ့ အကုသိုလ် အထုံဓာတ်တွေနဲ့လည်း ဆိုင်ပါတယ်။ ကိုယ်ကဒီဘဝမှာ တရားမျိုးစုံနာ၊ တရားစာအုပ်မျိုးစုံဖတ်၊ တရားတွေအခါအားလျှော်စွာ ထိုင်နေပေမယ့် အတိတ်အထုံဓာတ် ဆိုးတွေကြောင့် မထင်မှတ်ဘဲဖြစ်သွားရတာတွေပါ။ အတိတ်အထုံဓာတ်ဆိုးတွေဟာ သိပ်ကြောက်ဖို့ကောင်းပါတယ်။ သူ့ရဲ့လျှပ်တစ်ပြက်ရိုက် ချက်ကြောင့် ပုံကနဲ လဲကျသွား တတ်ပါတယ်။

ဒါပေမယ့် လဲကျသွားရင် စိတ်ဓာတ်မကျဘဲပြန်ထနိုင်ဖို့ သိပ်အရေးကြီးပါတယ်။ ပြန်ထတဲ့အခါ သိက္ခာသုံးပါးကို ကိုင်ပြီးထရမှာပါ။ သိက္ခာသုံးပါး ကလည်း ကိုယ့်ကို အဆင်သင့်လက်ကမ်းထားပြီးသားပါ။       ကိုယ်ကသူကမ်းတဲ့ လက်ကိုဆွဲယူလိုက်ရမှာပါ။

တကယ်တော့ကိုယ်လဲကျရင်   ကိုယ့်ကိုပြန်ထူပေးမယ့် သိက္ခာသုံးပါကရှိပြီးသားပါ။ ဒါကို ကိုယ်ကသိထားဖို့ပါ။ ဒီတော့ကိုယ့်ကိုယ်ကို သတိနဲ့ နေနိုင် မှတော်ကာကျတာပါ။

ကျန်တဲ့အချိန်လေးတွေမှာလည်း တတ်နိုင်သမျှ အမှတ်သတိလေးတွေနဲ့ နေနေရမှာပါ။ အထူးသဖြင့် တစ်ယောက်တည်းလုပ်ရတဲ့ အလုပ်လေးတွေမှာ အမှတ်သတိလေးတွေ ပါနေဖို့ပါ။

ဥပမာ -ရေသောက်တယ်ဆိုတာ တစ်ယောက်တည်းသောက်ရတာဖြစ်လို့ အမှတ်သတိလေးနဲ့ ခွက်ကိုလှမ်းယူတာ၊ ကိုင်တာ၊ရေထည့်တာ၊ပြန်ယူ တာ၊ ခွက်နဲ့ နှုတ်ခမ်းနဲ့ထိတာ၊ သောက်တာစသည်တွေကို အမှတ် သတိလေးတွေပါအောင် ကြိုးစားရမှာပါပဲ။

ဒီလိုပါပဲ အိမ်သာတက်တဲ့ နေရာမှာလည်း တစ်ယောက်တည်းဆိုတော့ အမှတ်သတိပါအောင် ကြိုးစားရမှာပါပဲ။ တံခါးဖွင့်တာ ပြန်ပိတ်တာ လုံချည် ပင့်တာ ထိုင်တာ စွန့်ခြင်စိတ်ကိုမှတ်တာ စွန့်တာကို မှတ်တာ စသည်ဖြင့် အမှတ်သတိနဲ့ မှတ်သွားရုံပါ။ ဒီတော့ အိမ်သာထဲမှာတင် ဘာဝနာ ကုသိုလ်တွေဖြစ်နေတော့တာပါ။ ကုသိုလ်က ယူမယ်ဆိုရင် အိမ်သာထဲမှာတောင် သတိရှိရင် ယူလို့ရတာပါပဲ။ အကျိုးရလဒ်ကတော့ တစ်ချက်မှတ် တစ်ချက် ကုသိုလ်ရသလို တစ်ချက်မှတ်တစ်ချက် အကုသိုလ်ကို ပယ်လိုက်တာပါပဲ။

အများနဲ့ လုပ်ရတဲ့အလုပ်တွေမှာတော့ လိုက်မှတ်ဖို့ မလွယ်လှပါဘူး။ တစ်ယောက်ထည်း လုပ်ရတဲ့ အလုပ်တွေမှာတော့ တတ်နိုင်သမျှ အမှတ် သတိလေးတွေပါအောင် ကြိုးစားရပါမယ်။

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...