.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Sunday, December 4, 2011

ဘယ်လိုစာ မောင်သင်မတုံး

T Z sayadaw (8)

အခုနောက်ပိုင်း ဗုဒ္ဓဘာသာတွေထဲမှာကိုပဲ ဘယ်လိုကဘယ်လို ကာလပေါ် “အတွေးအချော်ရှင်” (အတွေးအခေါ်မဟုတ်)သစ်တွေ ပေါ်လာသလဲတော့ မသိဘူး၊ မေးခွန်းဆန်းတွေနဲ့ ခဏခဏကြုံရတယ်။ တလောဆီကပဲ လူလတ်ပိုင်း ခေတ်ပညာတတ်ဆိုသူ တစ်ဦးက အခုလက်ရှိ ထေရဝါဒ ဗုဒ္ဓဘာသာဆိုတာ

အရိယသစ္စာဆိုတဲ့ ပန်းတိုင်အထိမဆိုက်ဘူး၊ အရိယသစ္စာကို အလေး မထားဘဲ ပရမတ္ထသစ္စာနဲ့သာ လမ်းဆုံးနေတယ်။ လောကကြီးအပေါ်မှာ ထေရဝါဒ ဗုဒ္ဓဘာသာအမြင်ကလည်း တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့သာ သတ်မှတ်ရှုမြင်တယ်။ လောကရဲ့ အေးငြိမ်းမှုဆိုတဲ့ တကယ့်နိဗ္ဗာန်ကို ရည်မှန်းတဲ့ဟောပြောကျင့်ကြံမှု မပြုကြဘဲ လောကကြီးပျက်ဆီး ဆိတ်သုဉ်းခြင်း ကိုသာ ဦးတည်ဟောပြောကျင့်ကြံ နေကြတယ်’’လို့ပြောပါတယ်။

လောကကြီးထဲမှာ ဒုက္ခတွေဆို တာလည်း ရှိတာမှန်သင့်သလောက် မှန်ပေမယ့် လောကထဲမှာ ရှိရှိသမျှတွေကို “ဒုက္ခတုံး ဒုက္ခခဲကြီး” လို့ ပြောတာကတော့ ဟုတ်နိုင်ပါ့မလား”ဆိုပြီး မေးလျှောက်ပါ တယ်။


မောင်ရင်မေးတဲ့ မေးခွန်းက အတော်ရှည်လျှားတဲ့ မာရသွန်မေးခွန်းကြီးတော့ ဟုတ်ပါရဲ့၊ ဒါပေမယ့် “တာ”စထွက်ကတည်းက သွက်ချာပါဒနဲ့ တရွတ်တိုက်ဆွဲပြေးနေတဲ့ မေးခွန်းမျိုးကြီးဖြစ်နေ တယ်။ လက်ရှိ ထေရဝါဒဗုဒ္ဓဘာသာဝင် ရဟန်းရှင်လူအားလုံးက မြတ်ဗုဒ္ဓရဲ့ တရားဦးဒေသနာ တော်ကြီးအဖြစ်နဲ့လေးစားယုံကြည်သတ်မှတ်ထားတဲ့သုတ်က “ဓမ္မစကြာ”လို့ခေါ်တဲ့ “ဓမ္မစက္ကပဝတ္တန” သုတ်ပဲ။ ဒီသုတ်က အရိယသစ္စာလေးပါးကို အဓိကထားပြီးဟောတဲ့ သုတ်ကြီးပါ၊ ဒါကိုထေရဝါဒ ဗုဒ္ဓဘာသာဝင်တိုင်း သိလည်းသိတယ်။ ဒီသုတ်ရဲ့ လမ်းညွှန်ချက်များနဲ့အညီလည်း ဟောကြ၊ ပြောကြ၊ ကျင့်ကြံကြပါတယ်။


အရိယသစ္စာကို ထေရဝါဒဗုဒ္ဓဘာသာဝင်တို့က ဘယ်လောက်အထိ အလေးထားသလဲ ဆိုရင် “စတုသစ္စဝိနိမုတ္တော ဓမ္မောနာမ နတ္ထိ = သစ္စာလေးပါးက လွတ်တဲ့တရားရယ်လို့ ရှိကို မရှိနိုင်ဘူး” ဆိုပြီးတော့ကို အလေးထား လေးစားကြတာပါ။ ဒါကို ရပ်ကွက်တိုင်းမှာ ရှိကြတဲ့ ဝတ်အသင်းသူ အသင်းသားလေးများတောင် သိပါလိမ့်မယ်။ မောင်ရင်တို့ကျမှ ဘယ်လိုလုပ် ရူးကြောင်ယောင် ချာ ဖြစ်ပြီး “အရိယသစ္စာကို အလေးမထားဘူး”လို့ သံသယဖြစ်နေရတာလဲ။ ဒါဟာ အတွေးအခေါ် သွက်ချာပါဒလိုက်နေတာ၊ ဒီရောဂါကို ပျောက်အောင်မကုနိုင်ရင်တော့ ဓမ္မလမ်းခရီးတစ်လျှောက်လုံး တရွတ်ဆွဲနဲ့ လမ်းသွားနေရဦးတော့မှာပဲ”လို့ ပြောလိုက် ရတယ်။


ဒီပုံစံဆိုရင်တော့ ဗုဒ္ဓဘာသာဝင်တိုင်း အခြေခံအဘိဓမ္မာလောက်တော့ လေ့လာဆည်းပူး ထားနိုင်မှ တန်ကာကျလိမ့်မယ်။ ဟုတ်တယ်။ အဘိဓမ္မာရဲ့ အခြေခံမှာ ခုနကမေးခွန်းထဲမှာပါတဲ့၊ ပရမတ္ထသစ္စာဆိုတဲ့ ပရမတ္ထတရားလေးပါးနဲ့ စတာပဲ။ “စိတ်၊ စေတသိက်၊ ရုပ်၊ နိဗ္ဗာန်”ဆိုတဲ့ ပရမတ္ထတရားလေးပါးပေါ့။ အဲဒီထဲက “နိဗ္ဗာန်”ဆိုတာ အရိယသစ္စာရဲ့ အထွတ်အထိပ်ဖြစ်တဲ့ နိရောဓ သစ္စာကို ပြောတာပဲ၊ အရိယသစ္စာမှာပါတဲ့ ကျန်သစ္စာ(၃)ပါးတို့ဟာလည်း အဲဒီပရမတ္ထတရားထဲက တရားတွေချည်းပါပဲ။

ဆိုလိုတာ ကတော့ အရိယသစ္စာဆိုတာ ပရမတ္ထသစ္စာ တရားတွေ ကိုပဲ “ဒုက္ခသစ္စာအုပ်စု၊ ဒုက္ခဖြစ်ကြောင်းအုပ်စု၊ ဒုက္ခချုပ်ငြိမ်းရာအုပ်စု၊ ဒုက္ခချုပ်ငြိမ်းကြောင်း ကျင့်စဉ် အုပ်စု”ဆိုပြီး သစ္စာဖွဲ့ဟောလိုက်တာပါပဲ။ ပရမတ္ထသစ္စာမှာသာ လမ်းဆုံးပြီး အရိယသစ္စာမဆိုက်ဘူး ဆိုရင်တော့ အဲဒါ ပရမတ္ထသစ္စာကို တကယ်သဘောမပေါက်လို့လား၊ ဒါမှမဟုတ် သူများထက် ထူးအောင်ဆိုပြီး ရူးကြောင် မူးကြောင် ဗြောင်ကြောင်ကန်းလုပ်တာလား တစ်ခုခုပဲဖြစ်လိမ့်မယ်။ ဟုတ်တယ်။ လောကမှာ မျက်လုံးပြူးနေပေမယ့် မမြင်ရတဲ့ “ကြောင်တောင်ကန်း”ဆိုတာ ရှိသလို၊ မြင်ရပေမယ့် လက်မခံလိုပဲ ငြင်းဆန် ဆန့်ကျင်တတ်တဲ့ “ဗြောင်ကြောင်ကန်း”တွေကလည်း မနည်းဘူး။


ပြီးတော့ “တစ်လောကလုံးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ သတ်မှတ်ရှုမြင်တယ်”ဆိုတာကလည်း ပဋိစ္စသမုပ္ပါဒ်နိဂုံးမှာပါတဲ့ “ကေဝလဿ ဒုက္ခန္ဓဿ=ချမ်းသာမဖက် သက်သက် ဒုက္ခတုံး ဒုက္ခခဲကြီး၏”ဆိုတဲ့ စကားကို ကြည့်ပြီးပြောတာဖြစ်ပါလိမ့်မယ်။ ဒီစကားကလည်း ရှေ့စကား နောက်စကားတွေကို ဖယ်ထားပြီး အပြစ်ပြောချင်တဲ့အပိုင်းလေးကိုသာ ဖြတ်ပြောတဲ့ မပြည့်မစုံ စကားပိုဒ် ဖြစ်ပါတယ်၊ ဒီစကားရဲ့ ရှေ့မှာ “အဝိဇ္ဇာပစ္စယာ”ကစပြီး “တဏှာပစ္စယာ ဥပါဒါနံ” စတဲ့ အကြောင်းတရားတွေပါပါသေးတယ်။


ဒီစကားရဲ့ အပြည့်အစုံက “အမှန်တရား(သစ္စာတရား)ကို မသိတဲ့ အဝိဇ္ဇာနဲ့စပြီး ပြုလုပ်နေတဲ့ ကံတွေရယ်၊ အာရုံကို တပ်မက်တဲ့ တဏှာရယ်၊ စွဲလန်းတဲ့ ဥပါဒါန်ရယ် ခြံရံတဲ့ ကံမျိုးစေ့(ကမ္မဘဝ)ကို အခြေခံပြီး ဘဝတစ်ခုမှာ ဖြစ်တည်နေသမျှတော့ ရရှိထားတဲ့ ဘဝခန္ဓာကိုယ်ရော၊ ပိုင်ဆိုင်ထားတဲ့ စည်းစိမ်ဥစ္စာ ရာထူးအာဏာတွေဆိုတာရော အားလုံးဟာ ဒုက္ခတုံး ဒုက္ခခဲကြီးသာ ဖြစ်နေပေလိမ့် မယ်”လို့ ပြောတာပါ။


လောကမှာ ရှိရှိသမျှခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကို ဒုက္ခတုံး ဒုက္ခခဲကြီးတွေလို့ ပြောတာ မဟုတ်ဘူး၊ အမှန်ကို မသိမှု၊ လိုချင်တပ်မက်မှု၊ မလွှတ်ရက်ဘဲ ဇွတ်ဖက်စွဲလန်းမှုတွေနဲ့ ရစ်ပတ် နှောင်ဖွဲ့ထားတဲ့ ခန္ဓာတွေ၊ စည်းစိမ်ဥစ္စာတွေကိုသာ ဒုက္ခတုံး ဒုက္ခခဲလို့ ဆိုလိုတာဖြစ်ပါတယ်။


မြတ်ဗုဒ္ဓအဆုံးအမတော်ရဲ့ ဦးတည်ချက်ကလည်း အသက်ခန္ဓာတို့၊ စည်းစိမ်ဥစ္စာတို့ကို စွန့်လွှတ်ဖို့ မဟုတ်ပါဘူး၊ ရစ်ပတ် နှောင်ဖွဲ့စွဲလန်းမှုတွေကိုသာ စွန့်လွှတ်ရမယ်လို့ ညွှန်ပြတာပါ။ “တဏှာ ပဟာတဗ္ဗာ”လို့သာ ညွှန်ပြတာ၊ “ခန္ဓာ ပဟာတဗ္ဗာ”လို့ ညွှန်ပြတာ မဟုတ်ဘူးဆိုတာ ဗုဒ္ဓ ဘာသာ ကို ထဲထဲဝင်ဝင် လေ့လာဆည်းကပ်နေကြသူတိုင်း သိပါတယ်။


“အာသာရမ္မက် ငမ်းငမ်းတက်” ဆိုတဲ့အတိုင်း အလိုရမ္မက်ဆိုတာ ဖြည့်လို့ပြည့်နိုင်တဲ့အရာတွေ မဟုတ်ပါဘူး၊ ဖြတ်နိုင်မှ ပြတ်၊ ပြတ်သွားမှသာ ပြည့်တတ်တဲ့သဘောမျိုးတွေပါ။ “ဘဝဆိုတာ သမုဒ္ဒရာရေပြင်ကျယ်ထဲမှာ ကျရောက်နေတဲ့ လှေငယ်သဖွယ် ဖြစ်တယ်”ဆိုတဲ့အတိုင်း မပြည့်ရင် လှိုင်းပုတ်တိုင်း လှုပ်ရှားနေရတဲ့အတွက် ငြိမ်သက်အေးချမ်းမှု ဘယ်တော့မှ မရှိနိုင်ပါဘူး၊ အဲဒီလို ဘဝမျိုးကို ဒုက္ခတုံး ဒုက္ခခဲကြီးလို့ တင်စားပြောဆိုတာဖြစ်ပါတယ်။


ဝေးဝေးလံလံဖြစ်တဲ့ ပိဋကတ်တော်တွေ ဇာတ်နိပါတ်တွေကို အသာထားပြီး မဝေးလှတဲ့ ကမ္ဘာ့သမိုင်းဖြစ်စဉ်တွေကိုပဲ ကြည့်ပါ၊ အလိုရမ္မက်ကြီးကြတဲ့ အလက်ဇန္ဒားတို့၊ နပိုလီယံတို့၊ ဟစ်တလာတို့ဆိုတာ ပစ္စည်းဥစ္စာချို့တဲ့နေကြတဲ့”မရှိဆင်းရဲသား”တွေ မဟုတ်ကြဘူး၊ အလိုရမ္မက်ကို မထိန်းချုပ်နိုင်ကြတဲ့ “မပြည့်ဆင်းရဲသား”တွေပါ။ သူတို့လို ပုဂ္ဂိုလ်တွေရဲ့ဘဝခန္ဓာဟာ ဒုက္ခတုံး ဒုက္ခခဲကြီးတောင်မကပါဘူး၊ သူတို့နဲ့ ဆက်သွယ်ရာ၊ ဆက်စပ်ရာဝန်းကျင်ကြီးတစ်ခုလုံးကိုပါ လောဘ မီး ဒေါသမီး သောကမီးတွေ ဟုန်းဟုန်းတောက်အောင် ရှို့မြှိုက်ခဲ့ကြလို့ “ဒုက္ခပြင် ကျယ်ကြီး” တွေလို့တောင် ဆိုနိုင်ပါတယ်။ အဲဒီလို ပုဂ္ဂိုလ်တွေကို ရည်ရွယ်ပြီး “ကေဝလဿ ဒုက္ခန္ဓဿ” လို့ ဟောတော်မူတာဖြစ်ပါတယ်။


အဲဒီလို တစ်လောကလုံး ဒုက္ခပြင်ကျယ်ကြီးဖြစ်သွားစေတဲ့ အဝိဇ္ဇာတို့၊ တဏှာရမ္မက်ဆိုးတို့၊ အစွဲဥပါဒါန်တို့ကို ပယ်စွန့်နိုင်အောင် ကြိုးစားဖို့ တိုက်တွန်းဟောညွှန်တဲ့တရားဟာ လောကပျက်သုဉ်း ရေးကို ဦးတည်သလား၊ လောကကြီးငြိမ်းအေးရေးကို ဦးတည် သလားဆိုတာ ဗုဒ္ဓဘာသာဝင် မဟုတ်သူများတောင် နားလည်ကြပါတယ်။


၂၀ဝ၉ - ခု၊ စက်တင်ဘာ(၁၂)ရက်နေ့စွဲနဲ့ “ဆစ်ခ်အတွေးအခေါ်နက်ဝပ်” မှာ အမန်ဆင်း(Aman Singh) ဆိုတဲ့ပုဂ္ဂိုလ် (ဟားဗတ်တက္ကသိုလ်က ပါမောက္ခဒေါက်တာတစ်ဦးလို့ သိရပါတယ်)က ရေးသားတင်ပြတဲ့အထဲမှာ “ဂျီနီဗာအခြေစိုက် ဘာသာရေးနှင့် ယုံကြည်သက်ဝင်မှု တိုးတက်ရေး နိုင်ငံတကာစုပေါင်းမဟာမိတ်အဖွဲ့(ICARUS) က ဗုဒ္ဓဘာသာကို အကြမ်း မဖက်ရေးနဲ့ အဟိံသတရား ထင်ရှားပျံ့နှံ့ လာစေရေးအတွက် အထောက် အကူ အပြုနိုင်ဆုံးဖြစ် လို့ “ကမ္ဘာ့ အကောင်းဆုံးဘာသာရေး” ( Best Religion in the World Award) ကို ပေးခဲ့တယ်။


ဒီဆုကို ဘာသာရေးနယ်ပယ်အသီးသီးက (ဗုဒ္ဓဘာသာခေါင်းဆောင်အနည်းငယ်သာပါတဲ့) ဘာသာရေးခေါင်းဆောင်(၂၀ဝ)ကျော် တက်ရောက် ဆွေးနွေးပြီး မဲပေးရွေးချယ်ခဲ့ကြတာပါ။ ဒီဆု ရွေးချယ်မှုနဲ့ပတ်သက်လို့ “အိုင်စီအေအာရ်ယူအက်(စ်)” ညွှန်ကြားရေးမှုး “ဟန့်စ်ဂရိုလီချင်” ရဲ့ မှတ်ချက်ကတော့ “စိတ်ဝင်စားစရာကောင်းတာက ရွေးချယ်ရမယ့်စံသတ်မှတ်ချက်များများ ချပြလိုက် တာနဲ့တစ်ပြိုင်နက် ဘာသာရေး ခေါင်းဆောင် အများအပြားဟာ မိမိတို့ရဲ့ဘာသာကို မရွေးချယ်ဘဲ ဗုဒ္ဓဘာသာကိုသာ ရွေးချယ်ကြခြင်းပါပဲ။ ဗုဒ္ဓဘာသာဦးရေအနည်းငယ်သာပါရှိတဲ့ ဒီအဖွဲ့ အစည်းက ဒီဆုကိုရတယ်ဆိုတာ အလွန်စိတ်ဝင်စားဖွယ်၊ ရင်ခုန်ဖွယ်ကောင်းလှပါတယ်”တဲ့။


အိုင်စီအေအာရ်ယူအက်စ်အဖွဲ့ရဲ့ သုတေသနညွှန်ကြားရေးမှူး ဂျွန်နာဟာတ် (jonna Hult)က ပြောတာကတော့ “ဗုဒ္ဓ ဘာသာက ကမ္ဘာမှာ အကောင်းဆုံးဘာသာရေးဆုကို ရတာဟာ ဆန်းတော့မဆန်းပါဘူး၊ ဘာကြောင့်လဲဆိုရင် ဗုဒ္ဓဘာသာအမည်နဲ့ တိုက်ခိုက်ခဲ့တဲ့စစ်ရယ်လို့ ဘယ်လို သာဓကတစ်ခုမှ ရှာမရနိုင်ကြခြင်းကြောင့်ပါ။ စစ်ထဲလိုက်ဖူးတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီး တစ်ဦးဦးကိုတွေ့ရဖို့ဆိုတာ ရှာမှရှားပါပဲ။ ဗုဒ္ဓဘာသာဝင်တွေဟာ ယှဉ်လို့မရလောက်အောင်ပဲ သူတို့ ပြောတဲ့ ဟောတဲ့အတိုင်း ကျင့်ကြံနေထိုင်ကြသူတွေ ဖြစ်ကြပါတယ်”တဲ့။


ဒီဆုရွေးချယ်ရတာနဲ့ပတ်သက်လို့ ဘဲလ်ဖတ်စ်မြို့က ကက်သလစ် ဘုန်းတော် ကြီး “တက်အိုရှောင်နက်ဆီ” ပြောတာကတော့- “ကျွန်တော်က ကက်သလစ်ဂိုဏ်းတော်ကို ချစ်ကြည်ညိုပါ တယ်။ ဒါပေမယ့် ကျမ်းစာတွေထဲမှာ မေတ္တာထားကြဖို့ဟောကြားပြီး တခြားလူတွေကို သတ်ဖို့ကျတော့ အလိုတော်အတိုင်း ပြုရတယ်ဆိုတာမျိုးကတော့ ကျွန်တော့်ကို အမြဲပဲ အလွန်စိတ်ရှုပ်စေပါတယ်။ ဒါကြောင့်လဲ ကျွန်တော်က ဗုဒ္ဓဘာသာအတွက် ကျွန်တော့မဲကို ပေးခဲ့တာပါ”တဲ့။

ပါကစ္စတန်မှာရှိတဲ့ ဘာသာရေးဆရာ “တာလ်ဘင်ဝါဆတ်” ကလည်း “ဒေါသအမျက်တွေနဲ့ သွေးထွက်သံယိုဖြစ်မှုတွေ အတွက် ဗုဒ္ဓဘာသာက အဖြေရှာပြီးသားဖြစ်တယ်”လို့ မှတ်ချက်ပေးပါတယ်။ ဂျေရုဆလင်က ဂျူးဓမ္မဆရာ “ရှမြူယယ်ဝပ်ဆာစတိန်း” ကလဲ ”ပွင့်ပွင့်လင်းလင်း ဝန်ခံပြောရမယ်ဆိုရင် ကျွန်တော်ဟာ ကျွန်တော်ကိုးကွယ်တဲ့ဘာသာအရ ဝတ်ပြုဆုတောင်းမပြုမီမှာ နေ့တိုင်း ဝိပဿနာကမ္မဋ္ဌာန်း ထိုင်လာခဲ့တာ ၁၉၉၃ ခုနှစ်ကတည်းကပါ။ ဒါကြောင့် ဗုဒ္ဓဘာသာကို ကျွန်တော်နားလည်ပါတယ်”လို့ ပြောပါတယ်။


ဒါတွေကို အထောက်သာဓကပြုနေရတာကတော့ ဗုဒ္ဓဘာသာဟာ ကမ္ဘာကြီးပျက်သုဉ်းရေးကို ဦးတည်နေတဲ့ဘာသာမဟုတ်ဘူး၊ စစ်ပွဲတွေ၊ သွေးထွက်သံယိုမှုတွေကင်းပြီး ငြိမ်းချမ်းမှုကို ကိုယ်သိမျက်မှောက်ခံစားနိုင်ရေးဆီ ဦးတည်နေတဲ့ ဘာသာဖြစ်တယ်ဆိုတာ အခြားဘာသာ ဝင်ကြီးတွေကတောင် အသိအမှတ်ပြုထားတယ်ဆိုတာ သဘောပေါက်စေဖို့ပါ။


(မူရင်းကို အပြည့်အစုံကြည့်လိုရင်တော့ (http://www.sikhphilosophy.net/) မှာ တစ်ကမ္ဘာလုံးအတွက် အမြဲလွှင့် တင်ထားပါတယ်။)

ပြီးတော့ မေးခွန်းရှင်က “အရာရာကို “အပျက်” လို့ ရှုမှတ်ရမယ်ဆိုတာကရော လောကကြီးကို အဆိုးမြင်လွန်းရာ မကျပေဘူးလား”လို့ ဆက်မေးပါသေးတယ်။


“အမှန်တရားတွေဆိုတာ မြတ်စွာဘုရားရှင်ကဟောလို့ တရားကလိုက်ဖြစ်ရတာ၊ လိုက်မှန်ရတာ မဟုတ်ပါဘူး၊ သူ့သဘောနဲ့သူ ဖြစ်နေ၊ မှန်နေတဲ့အရာကိုသာ ဘုရားရှင်က အမှန်အတိုင်းသိမြင်ပြီးဟောကြားရတာပါ။ ဖြစ်လာတဲ့အရာတိုင်းဟာ ပျက်ခြင်းသဘော ရှိတဲ့အတွက် အဲဒီသဘောအမှန်ကို သိအောင်ကြိုတင်ရှုမြင်ထားရမယ်လို့ ဟောတော်မူတာဖြစ်ပါတယ်။ ဒါကို “အဆိုးမြင်ဝါဒီ”လို့ ထင်မယ်ဆိုရင်တော့ ကမ္ဘာသိ ဟာသသရော်စကားလေး တစ်ခုကို စဉ်းစားစရာ အဖြစ် ပြောပြချင်ပါတယ်။


“လောကကြီးမှာ အကောင်းမြင်ဝါဒီတွေက “လေယာဉ်ပျံ”ကို တီထွင်ကြတယ်။ အဆိုးမြင်ဝါဒီတွေက “လေထီး”ကို တီထွင်ကြတယ်”တဲ့။ လေယာဉ်ပျံဖြစ်အောင်လုပ်သူများက အကောင်းမြင်သမား၊ လေယာဉ်ပျက်ရင် ခုန်ချဖို့ လေထီးကို တီထွင်သူများကိုတော့ ပျက်ခြင်းကို ကြည့်တဲ့ အတွက် အဆိုးမြင်သမားလို့ သရော်လိုက်တာပါ။


သရော်တဲ့စကားတစ်ခုအနေနဲ့တော့ ဘယ်လိုပဲဖြစ်ဖြစ်ပြောနိုင်ပါတယ်။ အမှန်တရား တစ်ခုအဖြစ်နဲ့ဆိုရင်တော့ ဒီစကားကို ရယ်စရာသက် သက်လို့ သဘောမထားဘဲ အလေးအနက် စဉ်းစားကြမှာပါ။ တကယ်ဖြစ်စဉ်မှာ လေထီးတီထွင်သူက ရှုမြင်လို့ လေယာဉ်ဟာ ပျက်တတ်တဲ့ သဘောဖြစ်ရတာလား၊ လေယာဉ်က ပျက်တတ်တဲ့သဘောအမှန်တကယ်ရှိလို့ လေထီး တီထွင်သူက ရှုမြင်စဉ်းစား မိတာလားဆိုတဲ့ အချက်ပါ။

အစိတ်အပိုင်းပေါင်းများစွာနဲ့ တည်ဆောက် ထားတဲ့ လေယာဉ်တစ်ခုဟာ ကောင်းကင် ဟင်းလင်းပြင်မှာ လေထုကို ရင်ဆိုင် တိုးဝှေ့သွားရတဲ့အတွက် ပျက်တတ်တဲ့သဘောကသာ အမှန်ရှိတာပါ။ အကြောင်းမညီညွတ်တဲ့အခါ လေယာဉ်ဟာ သူ့အကြောင်းနဲ့သူသာ ပျက်တာပါ။ ဒီပျက်တတ်တဲ့သဘောအမှန်ကို လေထီးတီထွင်သူက အမှန်အတိုင်းရှုမြင်ပြီး ဒီလိုအန္တရာယ်ကြုံတဲ့အခါ ဒုက္ခက လွတ်ကြောင်းအတွက် လေထီးကို တီထွင်ခဲ့ခြင်းသာ ဖြစ်ပါတယ်။


ဒါဆိုရင် လေထီးတည်ထွင်သူဟာ အဆိုးမြင်သမားမဟုတ်ပါဘူး၊ အမှန်မြင်သမားသာ ဖြစ်ပါတယ်။ ဒီအမှန်မြင်မှုကို အခြေခံပြီး သူတီထွင်လိုက်တဲ့ လေထီးဆိုတာလည်း လေယာဉ်မောင်းသူ လေယာဉ်စီးသူတို့အတွက် အပျက်ကိုဦးတည်ပေးတာ မဟုတ်ဘဲ ဘေးအန္တရာယ် ကင်းလွတ်ရာကိုသာ ဦးတည်ပေးပါတယ်။ ဒါကြောင့်လည်း စစ်တိုက်လေယာဉ်များအပါအဝင် လေယာဉ်တိုင်းဟာ လေထီးကို တလေးတစား အားကိုးအားထားပြုနေကြတာဖြစ်တယ်ဆိုတာ သဘောပေါက်နိုင်ပါတယ်။


ဒါဆိုရင် မြတ်စွာဘုရားရှင် ရှုမြင်ထောက်ပြတဲ့ “သင်္ခါရတရားမှန်သမျှဖြစ်ပြီး ပျက်တတ်တယ်” ဆိုတဲ့ အချက်ဟာလည်း ဘုရားရှင်က ရှုမြင်ထောက်ပြဟောကြားလို့ သင်္ခါရတရားတွေက ဖြစ်ပြီးပျက်သွားတာ မဟုတ်ဘူး၊ သင်္ခါရတရားတွေရဲ့ ဖြစ်ပြီး ပျက်တတ်တဲ့ သဘောအမှန် ကြောင့်သာ ဘုရားရှင်က ရှုမြင်ဟောကြားရတာဖြစ်တယ်။ ဒီလိုရှုမြင်ဟောကြားတဲ့အတိုင်း အမှန်ကို သိရှိလက်ခံနိုင်အောင် လေ့လာပွားများ ရှုမြင်ကြသူများဟာလဲ ဒီအမှန်တရားကို ရှုမြင်တဲ့အတွက် ပျက်စီးမှုကို ဦးတည်မသွားပါဘူး၊ လွတ်မြောက်အေးချမ်းမှုဆီကိုသာ ဦးတည်သွားပါတယ်။ ဒါကစာတွေ့နဲ့ မဟုတ်ဘဲ ကိုယ်တွေ့ ဖြစ်အောင် သိမြင်တဲ့အထိ ကြိုးစား ကြည့်သူများသာ နားလည်သဘောပေါက်နိုင်တဲ့ အဆင့်မြင့် အသိပညာဖြစ်ပါတယ်။ မြတ်ဗုဒ္ဓဟောညွှန်တဲ့ ဝိပဿနာ ဥာဏ် ဆိုတာ ဒီအဆင့်မြင့်အသိဥာဏ်ကို ပြောတာပါပဲ။


“ဒီလိုဆိုရင် သင်္ခါရတရားတွေမှန်သမျှ ဘာမှအသုံးမကျဘူးဆိုတဲ့ အဓိပ္ပာယ် ရောက်မ သွားပေဘူးလား၊ အဲဒါဟာ အဆိုးမြင် ရာမကျဘူးလား” ဆိုတာကတော့ အတွေးလွန်ပြီး အသိပျောက် သွားတဲ့အတွက် သက်သက်အကြောက်ကြီးတဲ့ သံသယမေးခွန်းမျိုး ဖြစ်သွားပါပြီ။ လေထီးကို တီထွင်သူဟာ လေယာဉ်ကို ဘယ်သူမှ မစီးဖို့၊ အသုံးမပြုဖို့ တီထွင်တာမှ မဟုတ်ဘဲ၊ စီးဖို့၊ သုံးဖို့ တီထွင်ထားတဲ့ လေယာဉ်ကို စီးပါ၊ သုံးပါ။ စီးရင်း သုံးရင်း ပျက်မှုအန္တရာယ်နဲ့ ကြုံလာရင် လွတ်မြောက် အောင် အသုံးချဖို့အတွက်သာ လေထီးကို တီထွင်ခဲ့တာ မဟုတ်လား။


မြတ်စွာဘုရားက သင်္ခါရတရားတို့ရဲ့ ဖြစ်မှု ပျက်မှုကို မြင်အောင် ရှုဖို့ တိုက်တွန်းတာဟာလည်း ဒီသဘောပါပဲ။ သင်္ခါရတရား တို့ကို မသုံးရလို့ ပိတ်ပင်တာမဟုတ်ပါဘူး၊ အပျက်ဘေးနဲ့ကြုံရတဲ့အခါမှာ လွတ်မြောက်ဖို့အတွက်သာ တိုက်တွန်းခဲ့တာပါ။


ဟုတ်ပါတယ်။ သင်္ခါရတရားတိုင်းမှာ အသုံးပြုလို့ရတဲ့ သာယာစရာ “အဿာဒ” သဘောလည်း ရှိတယ်၊ ပျက်စီးခြင်းဆိုတဲ့ အပြစ်မကင်းတဲ့ “အာဒီနဝ”သဘောလည်းရှိပါတယ်။ ပုထုဇဉ် အများစုက ပထမအချက်ကိုသာ မြင်တတ်လို့ “ကာမသုခလ္လိကာနု ယောဂ”လို့ခေါ်တဲ့ အာရုံငါးပါး ကာမဂုဏ် တရားတွေကို ပိုင်ဆိုင်သာယာဖို့သာ ကြိုးစားတဲ့အစွန်းရောက်သွားကြပါတယ်။ တချို့ပုထုဇဉ် အနည်းစုက ဒုတိယအချက်ကိုသာ ရှုမြင်တတ်ကြတဲ့အတွက် သင်္ခါရတရားအားလုံးကို လုံးဝအသုံးမချဝံ့ကြဘဲ “အတ္တကိလမထာနု ယောဂ” လို့ခေါ်တဲ့ ကိုယ့်ကိုကိုယ် ညှင်းဆဲသလိုဖြစ် အောင် အားထုတ်မှုအစွန်း ရောက်သွားကြပါတယ်။ ဒါကြောင့်လည်း ဘုရား သာသနာတော်နဲ့ ကင်းတဲ့ သာသနာပကာလတွေမှာ လောကကြီး တစ်ခုလုံးဟာ အစွန်းနှစ်မျိုးထဲက တစ်မျိုးမျိုးနဲ့ ငြိပြီး ဒုက္ခနယ်ထဲက ရုန်းထွက် မရအောင် ဖြစ်နေကြရတာပါ။


မြတ်စွာဘုရားရှင် တွေ့မြင်တဲ့ မြင်ထောင့်က အဲဒီအစွန်းနှစ်ပါးက လွတ်တဲ့ တတိယ မြင်ထောင့်ဖြစ်ပါတယ်။ သင်္ခါရအာရုံ တို့ကို လိုအပ်ချက်အတွက် သုံးရုံသာသုံးပြီး မစွဲလန်းဖို့ပါ။ သင်္ခါရတရားမှန်သမျှဟာ သုံးလည်းသုံး စွဲလည်းစွဲသူများက “ကာမသုခလ္လိက” အစွန်းနဲ့ငြိပြီး မလွတ်နိုင်ကြသူတွေဖြစ်ကြရတယ်။ မသုံးပေမယ့် စွဲနေကြသူတွေက “အတ္တကိလမထ”အစွန်းနဲ့ ငြိပြီး မလွတ်နိုင်ကြသူများ ဖြစ်ကြပါတယ်။

လိုအပ်ချက်အတွက်သာ သတိရှိရှိ၊ အသိရှိရှိနဲ့ သုံးပြီး မစွဲလန်းသူများက အစွန်း နှစ်ပါးလုံးနဲ့ မငြိတဲ့အတွက် လွတ်ပါတယ်။ အဲဒါကို “နိဿရဏ”လို့ ခေါ်တာပါ။ ဒီလိုအသုံးချတတ်အောင် လေ့ကျင့်ပြီး ကျင့်သုံးတဲ့ လမ်းစဉ်ကိုလည်း အစွန်းနှစ်ခုလုံး နှင့်မငြိတဲ့ “မဇ္ဈိမ ပဋိပဒါ” လမ်းစဉ်လို့ ခေါ်ပါတယ်။ “အလယ်လမ်း ကျင့်စဉ်”လို့ အရပ်စကားနဲ့ ပြောလေ့ရှိပါတယ်။ “တကယ်တော့ အစွန်းလွတ်လမ်းစဉ်”လို့ ဆိုမှ ပိုပြီး အဓိပ္ပာယ် တိကျပါလိမ့်မယ်။ နိဿရဏမြင်ထောင့်နဲ့ မဇ္ဈိမပဋိပဒါလမ်းစဉ်ဆိုတာ “ညောင်းသီး လည်းစား၊ မြှားသံလည်း နားထောင်”ဆိုတဲ့စကားနဲ့ အဓိပ္ပာယ်နီးစပ်ပါတယ်။


စနစ်တကျစဉ်းစားတွေးခေါ်တတ်သူများဖြစ်ဖို့အတွက် အထူးသတိပြုစေချင်တာကတော့ - လောကမှာ “အကောင်းမြင်”တို့ “အဆိုးမြင်”တို့ ဆိုတာ “အမှန်မြင်” မဟုတ်ပါဘူး၊ အမှန်မြင်မဟုတ်တဲ့ အမြင်ဟူသမျှဟာ အမှားမြင်ချင်းအတူတူပါပဲ။


ဒါနဲ့ပတ်သက်ပြီး ပညာရှင်တို့ ထုတ်ပြလေ့ရှိတဲ့ ဥပမာကတော့ -
ပထမသမားတော်တစ်ဦးက လူနာကိုကြည့်ပြီး “ဘာရောဂါမှ ထွေထွေထူးထူးမရှိဘူး၊ ဆေးကုဆေးစားပြုလုပ်ရန် မလိုဘူး”လို့ ပြောပြီး လူနာကို နှစ်သိမ့်စကားပြောတယ်။


ဒုတိယသမားတော်တစ်ဦးက “ရောဂါဟာ အလွန်စိုးရိမ်ရတဲ့ အခြေအနေရောက်နေပြီ ဆေးကုဆေးစားလုပ်လဲ ဘာမှမျှော်လင့် ချက်မရှိတော့ဘူး”လို့ ပြောတယ်။


ပထမသမားတော်က အကောင်းမြင်သမား၊ ဒုတိယသမားတော်က အဆိုးမြင်သမား။ အမြင်ချင်းကွဲပြားပေမယ့် လူနာအတွက် ကြောက်စရာကောင်းတာချင်းကတော့ အတူတူပါပဲ။ ဒီသမားနှစ်မျိုးလုံးကို ရှောင်ရပါမယ်။


တတိယသမားတော်ကတော့ ရောဂါရဲ့သဘောလက္ခဏာ၊ ရောဂါဖြစ်ရခြင်းအကြောင်းရင်း၊ ရောဂါပျောက်ကင်းနိုင်ပုံနဲ့ ရောဂါ ပျောက်စေမည့် ဆေးဝါးနည်းလမ်းတို့ကို စနစ်တကျ မှန်မှန်ကန်ကန် သိမြင်ပြီး ပျောက်ကင်းအောင် ကုသပေးတယ်။ လူနာအတွက် အားကိုးရာအစစ်ဖြစ်တဲ့ အမှန်မြင်သမားတော် စစ်စစ်ဖြစ်ပါတယ်။


ဒီအမြင်သုံးမျိုးရဲ့ ခြားနားချက်ကတော့ -
အကောင်းမြင်သမားတွေက ကာမသုခလ္လိကအစွန်းရောက်တယ်။ အဆိုးမြင်သမားတွေက အတ္တကိလမထအစွန်းရောက်တယ်။
အမှန်မြင်သမားက မဇ္ဈိမပဋိပဒါလမ်းကို လျှောက်တယ်။ ရောဂါကို ထုတ်ဖော်ပြောပြပြီး “ဆေးကုဆေးစားမှ ဖြစ်မယ်”လို့ ပြောတာကိုပဲ “အဆိုးမြင်လွန်းတယ်”လို့ ထင်ရင်တော့ “ဥုံဖွ” ဆရာနဲ့ နာတာရှည်ပဲ ဖြစ်နေကြပေရော့”လို့သာ ပြောရပါ လိမ့်မယ်။

“ဖြစ်ပျက်လို့ ရှုမြင်တာနဲ့ နိဿရဏသဘောနဲ့ ဘယ်လိုဆက်စပ်မလဲ” ဆိုတာကတော့ “ပျက်မယ်”ဆိုတာကို တကယ်တမ်း သိရင် “ဖက်တွယ်”မထားတော့ဘူး၊ ဖက်တွယ်မထားတော့ မငြိဘူး၊ မငြိတော့ လွတ်တယ်၊ အဲဒီလို ဆက်စပ်သွားပါတယ်။


မြတ်ဗုဒ္ဓရဲ့ လမ်းညွှန်ချက်တွေဆိုတာ စိတ်ကူးနဲ့ ကြံဆရုံလောက်နဲ့ သဘောပေါက်လို့မရတဲ့ “အတက္ကာဝစရ”တရားတွေ ဖြစ်ပါတယ်။ ကြံစည်စိတ်ကူးမိတိုင်း သံသယတွေသာ ပွားပြီး အဖြေမှန်ထွက်မလာပါဘူး။ ဒါကြောင့် မေးခွန်းတွေနဲ့ချည်း အချိန်ဖြုန်း မနေပါနဲ့။ “ပစ္စတ္တံ ဝေဒိတဗ္ဗော ဝိညူဟိ” ဆိုတဲ့အတိုင်း ကိုယ်တိုင်ကျင့်သုံး တွေ့ရှိပြီးမှသာ ကိုယ်သိမျက်မှောက် ခံစားနိုင်မှာဖြစ်လို့ လက်တွေ့ကျင့်ကြံ အားထုတ်ကြည့်ပါလို့ပဲ တိုက်တွန်းချင်ပါတယ်။

“ကြိုက်သော်ယူလေ၊ မကြိုက်ပေမူ၊ ရှာဖွေပါဦး၊ ဤခေတ်ထူး၌၊ ဆည်းပူးနိုင်မှ၊ တန်ကာကျလိမ့်” ဆိုတဲ့ စကားကို လက်ကိုင် ထားတယ်ဆိုရင်တော့ လူငယ်ယဉ်ကျေးမှုသင်တန်းတွေမှာ ပြောနေကြအတိုင်း “ဘယ်ကျောင်း တော်မှာ ဘယ်လိုစာ မောင် သင်မတုန်း” ဆိုတာ ကိုယ်ဟာကိုယ်သာ ဆုံးဖြတ်ပါလို့ပဲ တိုက်တွန်းလို ပါတယ်။


ဓမ္မဘေရီ အရှင်ဝီရိယ(တောင်စွန်း)

Related Posts Plugin for WordPress, Blogger...