.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Monday, November 7, 2011

ဘုရားဟောသောပိန်နည်း

မြတ်စွာဘုရား လက်ထက်တော်က ပသေနဒီကောသလ မင်းကြီးဟာ ဆန်တစ်စိတ် (လေးပြည်) ချက်ထမင်းကို ကုန်တယ်လို့ ဆိုပါတယ်။ ဟင်းကိုလည်း ဆန်တစ်စိတ်ချက်နဲ့ ညီမျှအောင် စီစဉ်ပေးရ ပါတယ်တဲ့။ တစ်နေ့မှာတော့ ထမင်းစားပြီးပြီးချင်း မြတ်စွာဘုရား ဆီထွက်ခဲ့ပါတယ်။ မြတ်စွာဘုရား ဆီရောက် တော့ဦးချပြီး ထိုင်နေ လိုက်ပါတယ်။ သိပ်မကြာခင်မှာဘဲ ထမင်းဆိပ်တက်ပြီး အိပ်ငိုက် နေပါတော့တယ် ဒီတော့ မြတ်စွာဘုရားက “မင်းကြီး.... ထမင်းစားပြီး အပန်းလေးမဖြေခဲ့ ဘူးလား”လို့ မေးတော် မူပါတယ်။ ပသေနဒီ ကောသလ မင်းကြီးကလည်း “မှန်ပါဘုရား အပန်းမဖြေခဲ့ ပါဘူးဘုရား၊ တပည့်တော်မှာ ထမင်းစားပြီးတိုင်း ဒီလိုဒုက္ခ ကြုံရပါတယ် ဘုရား”လို့ ပြန်လျှောက်တော့ မြတ်စွာ ဘုရား ကလည်း “ဟုတ်တယ် မင်းကြီး အစားကြီးရင် ဒီလိုပဲ ဆင်းရဲဒုက္ခ ရောက်ကြရတယ်။ အစားကြူးတဲ့ သူဟာ အနိစ္စ ဒုက္ခ အနတ္တ တရားတွေကို နှလုံးမသွင်းနိုင်ဘူး၊ နှလုံးမသွင်းနိုင်ရင် အိုလို့မဆုံး နာလို့ မဆုံး သေလို့မဆုံး ဖြစ်ရတယ်” လို့ဟောပြ ပါတယ်။ မြတ်စွာဘုရားက ဆက်ပြီး အစာစား တဲ့အခါ အတိုင်းအရှည်ကို သိဖို့ ဂါထာလေး တစ်ပုဒ်ဟောပြ ပေးပါတယ်။

မနုဇဿ သဒါ သတိမတော ၊
မတ္တံ ဇာနတော လဒ္ဓဘောဇနေ။
တနုကဿ ဘဝန္တိ ဝေဒနာ၊
သဏိကံ ဇီရတိ အာယုပါလယံ။

( သတိလည်းရှိ အတိုင်းအရှည်လည်း သိတဲ့သူဟာ ဝေဒနာကင်းခြင်း၊ ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်း၊ အသက်ရှည်ခြင်း အကျိုးသုံးပါး ကိုရပါတယ်။) ဒါပေမယ့်ပသေနဒီ ကောသလမင်းကြီးဟာ အိပ်ချင်စိတ် များနေတဲ့အတွက် မမှတ်နိုင်ပါဘူး။ တူဖြစ်သူ သုဒဿနကိုပဲ ဂါထာကိုရအောင် ကျက်ခဲ့ဖို့မှာခဲ့ပါ တယ်။ တူဖြစ်သူ သုဒဿနက မြတ်စွာဘုရားကို “ဘယ်လိုလုပ်ရမလဲ” လို့ မေးပါတယ်။ မြတ်စွာဘုရားက “မင်းကြီးထမင်း သုံးဆောင်လို့ နောက်ဆုံးထမင်းလုတ် စားခါနီးမှာ ဒီဂါထာကိုရွတ်ပေးပါ”လို့မှာကြားပြီး “မင်းကြီးက ဂါထာကိုကြား လို့ နောက်ဆုံး ထမင်းလုတ်ကို ဆက်မစား တော့ဘူးဆိုရင် တစ်လုတ် စာလျှော့ချက်ပါ” လို့ မိန့်မှာလိုက်ပါတယ်။ တူဖြစ်သူလည်း မတ်စွာဘုရားမှာတဲ့ အတိုင်းမင်းကြီးပွဲတော် တည်တဲ့အခါ အနားမှာထိုင်ပြီး နောက်ဆုံးအ လုတစားခါနီးမှာ ဂါထာလေးကို ရွတ်ရွတ်ပေးပါ တယ်။ ဒီတော့မင်းကြီး ကလည်းစားမယ် ဟန်ပြင်ထားတဲ့ နောက်ဆုံးထမင်းလုတ်ကို မစားတော့ပါဘူး။ ဒီလိုနဲ့ ထမင်းတစ်လုတ် တစ်လုတ်လျှော့လာလိုက်တာ ခန္ဓာကိုယ်ဝဖိုင့် နေရာကနေ ပိန်ပိန်လာပါတော့တယ်။ ခန္ဓာကိုယ် ပိန်ကျသွားတော့ မင်းကြီးလည်း တော်တော်စိတ် ချမ်းသာသွားပါတယ်။ အားရဝမ်းသာနဲ့ မြတ်စွာ ဘုရားဆီသွားပြီး “မြတ်စွာဘုရား တပည့်တော်ခန္ဓာကိုယ် ပေါ့ပေါ့ပါးပါးနဲ့ ချမ်းချမ်း သာသာ ဖြစ်သွားပါပြီဘုရား၊ တောကစားထွက်ပြီး သမင်တွေကိုတောင် လိုက်ဖမ်းနိုင် ပါပြီဘုရား”လို့ လျှောက်ပြလိုက်ပါတယ်။

(ဓမ္မပဒ၊ ပသေနဒီကောသလမင်းဝတ္ထု)

မြတ်စွာဘုရား ဟောပြတဲ့ ဂါထာလေးကို မြန်မာလိုပြန်ပြောရင်-

သတိလည်းရှိမယ်၊ စားမယ့်အစားကို အတိုင်းအရှည်လည်းသိမယ်၊ ဒီအင်္ဂါနှစ်ချက် နဲ့ပြည့်စုံတဲ့သူဟာ---
၁။ ဝေဒနာကင်းခြင်းအကျိုး၊
၂။ဖြည်းဖြည်းအို၍ အရွယ်တင်ခြင်းအကျိုး၊
၃။အသက်ရှည်ခြင်းအကျိုး သုံးမျိုးကိုရနိုင်ပါတယ်တဲ့။
ဒီဂါထာလေးရဲ့အဓိပ္ပါယ်ကို မှတ်သားရလွယ်အောင် သဒ္ဓမ္မရံသီဆရာတော် ဘုရားကြီးက ဆောင်ပုဒ်ကလေး စီပေးထားပါတယ်။ တိုင်းရှည်သိကာ၊ သုံးဆောင်တာ၊ သုံးဖြာ အကျိုးရသတည်း။ ဝေဒနာကင်း၊ ရွယ်တင်ခြင်း၊ မယွင်းသက်ရှည်သည်။

သတိလည်းရှိဖို့လိုသလို စားမယ့်အစားအစာကို အတိုင်းအရှည်သိပြီး စားဖို့လည်းလိုပါတယ်။ သတိကတော့ ဝိပဿနာအားထုတ်တဲ့ နေရာမှတင် မဟုတ်ပါဘူး။ နေရာတိုင်းမှာ သတိကတော့ လိုနေတာပါပဲ။ ဘာပဲဖြစ်ဖြစ် သတိရှိနေရင် အမှားနည်း သလို သတိရှိနေတဲ့သူဟာ ကိုယ်စားမယ့် စားအစာကို အတိုင်းအရှည် သိပြီးလည်း ဖြစ်နေတတ်ပါတယ်။ အတိုင်းအရှည်ကို သိတာက သူများသိပေးတာထက် ကိုယ့်ဟာကို သိတာပဲအကောင်းဆုံးပါ။ ကိုယ့်အတိုင်းအရှည်ကို ကိုယ်ပဲအသိဆုံးမို့ပါ။ စားချင် တိုင်းစွတ်စားနေရင် ဝဝနေတော့မှာပါ၊ အဓိကကတော့ သတိရှိနေဖို့ပါပဲ။ အကျိုးတွေကတော့ လူတိုင်းလိုချင်နေတဲ့ အကျိုးတွေချည်းပါပဲ။ ဝေဒနာကင်းရင် ဘာပဲလုပ်လုပ် စိတ်ချမ်းချမ်းသာသာနဲ့ လုပ်ရပါတယ်။ အရွယ်တင်တာကလည်း အထူးပြောနေစရာ မလိုပါဘူး။ အရွယ်တင်ချင်လွန်းလို့ တချို့ဆို ဆေးရုံတွေ သွားပြီးတောင် ပြုပြင်နေကြသေးတာပါ။ အသက်ရှည်တာကလည်း လူတိုင်း လိုချင်ကြတာပါပဲ။ စာရေးသူကတော့ ပိန်နေလို့ ဝအောင်,ပေါင်တိုးအောင် ကြိုးစား နေရတာ ဆိုတော့ ဝခြင်းရဲ့ဒုက္ခကို ကိုယ်တိုင်မခံစားရပါဘူး။ ဒါပေမယ့် ကိုယ့်မျက်စိရှေ့မှာ ဝသူတွေရဲ့ဒုက္ခကို အမြဲတွေ့နေရတာပါ။ တချို့ဆို တစ်ယောက် ယောက်ကတွဲပေး မှထိုင်နိုင်တာ၊ တစ်ယောက်ယောက်က ထူပေးမှထနိုင်တာ၊ ဝခြင်းရဲ့ဆိုးကျိုးတွေကို ဆေးဆောင်းပါးတွေ ဖတ်ပြီးလည်း သိနေရတာပါ။ ခွဲစိတ်ပြီးတောင် ပိန် အောင်လုပ်ကြရတာကို လည်းကြားသိရပါတယ်။ ပိန်နည်းမျိုးစုံကို ဆရာဝန်တွေ၊ ကျွမ်းကျင်သူတွေကလည်း ရေးပြနေကြတာပါပဲ။ ဒီတော့စာရေးသူလည်း ကိုယ်စွမ်းနိုင် လောက်လေး မြတ်စွာဘုရား ဟောပြထားတဲ့ ပိန်နည်းလေးကို ဓမ္မဒါနမျှဝေတာပါ။ ပသေနဒီကောသလ မင်းကြီးဟာ သူစားတဲ့ စားနှုန်းအရဆိုရင် တော်တော်ဝတဲ့ပုံပါပဲ။ မြတ်စွာဘုရားစကား နားထောင်ပြီး လေ့ကျင့် လိုက်တော့ တောကစားတောင် ထွက်နိုင်တဲ့အထိ ကိုယ်ရေစစ်သွားပါတယ်။ ပသေနဒီကောသလ မင်းကြီးကျတော့ တစ်လုတ်တစ်လုတ် လျှော့စားသလို ချက်တဲ့အခါမှာလည်း တစ်လုတ်စာတစ်လုတ်စာ လျှော့လျှော့ချက်သွားတာပါ။ လျှော့စားရုံ သက်သက်ဆိုရင် ပိုတဲ့အလုတ်က ဘာလုပ်ရမှန်းမသိပါဘူး။ လျှော့ချက်တော့ ကုန်ကျ စားရိတ်လည်း သက်သာသွားပါတယ်။ ထမင်းလုတ်ဆိုပေမယ့် ထမင်းနဲ့ညီမျှတဲ့ ဟင်းကိုပါ တွဲလျှော့ရမှာပါ။ ကုသိုလ်ဘက်က ကြည့်ရင်တော့ ပိုတာလေးတွေကို ငှက်ကလေးတွေ ကျွေးပေးလို့ လည်းရပါတယ်။ မြတ်စွာဘုရားရှင်က လျှော့တဲ့နေရာမှာ တခါတည်းအများကြီး မလျှော့ခိုင်းပါဘူး၊ တစ်လုတ်စာပဲ လျှော့ခိုင်းတာပါ။ အများကြီးဆို လျှော့ရခက်နေမှာ စိုးလို့ပါ။ ပသေနဒီကောသလ မင်းကြီးစားလို့ တစ်လုတ်ပဲ ကျန်တော့ရင် သူ့တူ တော်မောင်က မြတ်စွာ ဘုရားဟောတဲ့ဂါထာ လေးကိုဆိုပေးလိုက်တာပါ။ ဒီတော့ကိုယ်ကလည်း တစ်လုတ်အကျန်ကျရင် ကိုယ်တိုင်ဆိုနိုင်ရင် ဆိုမဆိုနိုင်ရင် ပသေနဒီကောသလ မင်းကြီးလို ကိုယ်တိုင်မကျက်ဘဲ ကိုယ့်ခင်ပွန်းကို ကျက်ခိုင်းပြီး သူ့ကို ဆိုခိုင်းပေါ့။ ဒါဆိုခင်ပွန်းမှာ ဂါထာဆိုရတဲ့ကုသိုလ် နေ့တိုင်းရနေပါတယ်၊ ကိုယ့်ခင်ပွန်းကို ကုသိုလ်ပေးရာ လည်းရောက်ပါတယ်။ “ ကိုကိုရေ..ကုသိုလ်ပေးတာပါနော်၊ ဒီကုသိုလ်လေးကိုအမြဲယူပါနော်” လို့ပြောထားလိုက်ရုံပါ ဂါထာမကျက် နိုင်ရင် လင်္ကာလေး ဆိုခိုင်းထားလည်း ရပါတယ်။ ဒါပေမယ့် ဂါထာကတစ်ပုဒ် တည်းဆိုတော့ ကျက်ရတာလည်း မခက်ပါဘူး။ မြတ်စွာဘုရားကို ပူဇော်တဲ့အနေနဲ့ ကျက်ထားလိုက်တာ ကောင်းပါတယ်။ ဝနေတဲ့ ဇနီးထမင်းစားလို့ နောက်ဆုံးအလုတ် ရောက်တဲ့အခါ ခင်ပွန်းက ဂါထာနဲ့ လင်္ကာလေးကို ဆိုဆိုပေးဖို့ပါပဲ။ ဝနေတဲ့ဇနီး ပိန်မပိန်တော့မသိပါဘူး။ ခင်ပွန်းမှာတော့ ဂါထာရွတ်ပေးတဲ့ ကုသိုလ် လင်္ကာရွတ်ပေးတဲ့ ကုသိုလ် နေ့တိုင်း ရနေတာတော့ အမှန်ပါပဲ။ ကိုယ့်ဇနီးကို တရားဟောပေး နေတယ် လို့လည်းပြောလို့ရပါတယ်။ ဒါကရွတ်ပေးမယ့်သူရှိတဲ့သူ အတွက်ပါ။ မရှိတဲ့သူကတော့ နောက်ဆုံးအလုတ်မှာ ကိုယ့်ဟာကိုရွတ်ပြီး လျှော့သွားရုံပါပဲ။ ကိုယ်တိုင်ရွတ်ရင်ကိုယ် တိုင်ကုသိုလ်ရမှာပါ။ ပိန်လည်းပိန်ကုသိုလ်လည်းရတာပါ။ လျှော့ရင်း လျှော့ရင်းနဲ့ ကိုယ်လိုချင်တဲ့ ခန္ဓာကိုယ် ရတဲ့အခါမှာတော့ အလျှော့ကိုရပ်လိုက်ရုံပါ။ အစားအသောက်ကို သိပ်တပ်မက်လွန်း တာလည်း မကောင်းပါဘူး။ တစ်ခါတလေ မစားဖူးလို့စားတာပဲ ကောင်းပါတယ်။ သက်တော်ရှည်ဆရာတော် ဘုရားကြီး တွေကိုကြည့်ရင် အစားအစာကို အတိုင်းအရှည် သိတာလည်း တစ်ခုပါပါတယ်။ တစ်နေ့ကို ဆွမ်းတစ်ထပ်ပဲ ဘုဉ်းနေတဲ့ ဆရာတော်တွေလည်း အများကြီးရယ်ပါ။ ဒီနေရာမှာ အစားနဲ့ပတ်သက်လို့ အရှင်သာရိပုတ္တရာ ဟောပြထားတဲ့ ဂါထာလေးကိုလည်း အာရုံပြုထားရအောင်ပါ။

စတ္တာရော ပဉ္စအာလောပေ၊
အဘုတွာ ဥဒကံ ပိဝေ။
အလံ ဖာသုဝိဟာရာယ၊
ပဟိတတ္တဿ ဘိက္ခုနော။

အဓိပ္ပါယ်ကတော့ တရားအားထုတ်နေတဲ့ယောဂီဟာ ထမင်းစားတဲ့အခါ လေးလုတ်ငါးလုတ် လျှော့ပြီးစား ပါတဲ့။ လျှော့တဲ့ အစား,ရေကိုသောက်လိုက်ပါတဲ့။ ဒါဆိုတရား အားထုတ်ရတာ ခန္ဓာကိုယ် ချမ်းချမ်းသာသာနဲ့ အဆင်ပြေပါတယ်တဲ့ ဒီဂါထာ လေးကိုလည်း သဒ္ဓမ္မရံသီ ဆရာတော်ဘုရားကြီးက ဆောင်ပုဒ်လေး စီပေးထားပါတယ်။

စားနိုင်သည်မှ၊ ငါးလုတ်မျှ၊ လျှော့ချသုံးဆောင်ရာ။
လျှော့သည့်အစား၊ ရေကိုကား၊ သောက်ထားမျှတစွာ။
ဣရိယာပထ၊ များသုခ၊ မုချရမည်သာ။

ဂါထာလေးက တရားအားထုတ် နေတဲ့ယောဂီတွေကို ဟောပြပေးထားတာပါ။ တရားအားထုတ် နေတဲ့အခါ အစား များရင် နေ့လည်(၁၂)နာရီ တရားမှတ်တဲ့ အခါကျတော့ အိပ်ငိုက် နေတတ်ပါတယ်။ ဒါကြောင့် ထမင်းစားတဲ့ အခါ လေးလုတ် ငါးလုတ်လျှော့စားပြီး ရေသောက်ဖို့ မိန့်မှာထားတာပါ။ ဒါပေမယ့် မြတ်စွာဘုရား လက်ထက်တော်က လူတွေကတော့ ခန္ဓာကိုယ် သန်မာထွားကျိုင်းလို့ ပြဿနာမရှိပေမယ့် ဒီခေတ်မှာတော့ ယောဂီ တစ်ယောက်အနေနဲ့ လေးလုတ် ငါးလုတ် လျှော့စားဖို့ မလွယ်လှပါဘူး။ အစားနည်းတဲ့ ယောဂီဆို ပိုတောင် မလွယ်ပါသေးတယ်။ ဒါကြောင့် ကိုယ်နဲ့သင့်တော် သလောက် ပဲလျှော့ပြီး လျှော့တဲ့အစား ရေသောက် လိုက်လို့လည်း ရပါတယ်။ အများကြီးလျှော့စားပြီး ညကျ ဗိုက်ဆာနေပြန်ရင်လည်းအဆင် မပြေပါဘူး။ တရားအားထုတ်တဲ့ နေရာမှာတော့ ဗိုက်တင်း နေရင်လည်း အဆင်မပြေသလို ဗိုက်ရော့နေရင်လည်း အဆင်မပြေပါဘူး၊ ယောဂီမှာတော့ အမှတ်သတိက ရှိပြီးသားဆိုတော့ အတိုင်းအရှည်က ကိုယ့်ဟာကို သိနေကြတာများပါ တယ်။ နောက်ဆုံးကျတော့ သတိပါပဲလေ။ သတိရှိနေရင် ဘယ်အရာမှ အလွန် အကျွံမဖြစ် တော့ပါဘူး။ ဒီလိုပါပဲ သတိပါနေအောင် လေ့ကျင့်ယူရမှာပါပဲ။ နေရာတိုင်းမှာ သတိပါဖို့ ကျတော့မလွယ်လှပါဘူး၊ အချိန်ပြည့် တရားအားထုတ်နေတဲ့ ယောဂီတောင် သတိက လွတ်သေးတာဆိုတော့ အပြင်မှာနေရတဲ့ သူတွေအဖို့တော့ သတိလွတ်နေတဲ့ အချိန်က များနေမှာပါ။ ဒါပေမယ့် တတ်နိုင်သမျှ လေးတော့ သတိပါနေအောင် ကြိုးစားရမှာပါ။ ရိပ်သာဝင်တဲ့အခါ အထွေထွေ အမှတ်ကိုဖိအား ထုတ်ထားရင် အပြင်ပြန် ရောက်တဲ့အခါ အများကြီး အထောက်အပံ့ပေးတာပါ။ အပြင်မှာ သတိနဲ့နေတတ် သွားတဲ့ သဘောလေးပါ။ သတိရှိနေရင် အမှားနည်းနေတော့ တာပါ။ တစ်ခါတလေ တချို့အမှားတွေဟာ သတိလွတ်သွား လို့မှားကြတာပါ။ သတိပြန်ရ တဲ့အချိန်မှာ အမှားကကျူး လွန်ပြီးသားဖြစ်နေပါပြီ၊ အဲဒီအခါကျမှ ကိုယ့်ကိုယ်ကို ယူကြုံးမရ ဖြစ်ရတော့တာပါ။ ဒါကြောင့်သတိဟာ လူတိုင်းအတွက် သိပ်လို အပ်ပါတယ်။ ယောဂီတွေက တရားဝင်တဲ့အခါ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကိုပဲ ဦးစား ပေးမှတ်ကြတာ များပါတယ်၊ အထွေထွေ အမှတ်ကိုတော့ လျှော့ထားကြပါတယ်။ တကယ်တော့ အထွေထွေ အမှတ်ဟာ ထိုင်မှတ်နဲ့ စင်္ကြံမှတ်ကို အများကြီး အထောက် အပံ့ပေးသလို အပြင်ပြန်ရောက်တဲ အခါမှာလည်း သတိနဲ့နေတတ်အောင် လေ့ကျင့် သင်ကြားပေး လိုက်တာပါ။ လက်တွေ့ဘဝထဲမှာ သတိနဲ့ နေတတ်ဖို့က သိပ်အရေးကြီးတာပါ။ ဘာပဲပြောပြော သတိရှိနေရင်အတိုင်း အရှည်ကို သိပြီးဖြစ်နေမှာပါ။ ဒီတော့ သတိရှိနေရင် စားချင်တိုင်း မစားတော့ပါဘူးလေ မှားချင်တိုင်း လည်းမမှားတော့ ပါဘူးလေ။

ရဝေနွယ်(အင်းမ)

ကျမ်းကိုး
ဣနြေ္ဒထက်ကြောင်းကိုးပါးတရားတော်
သဒ္ဓမ္မရံသီရိပ်သာဆရာတော်။

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ရဝေနွယ်(အင်းမ)


ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…? မေးခွန်းရဲ့ သဘောလေးကို ပိုပြီး ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန် လေးပါးဘက်က လှည့်ပြောရအောင်ပါ။

သမ္မပ္ပဓာန်လေးပါးက -
၁။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကိုပယ်ဖို့ အားထုတ်ရမယ်။
၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ရမယ်။
မြတ်စွာဘုရားက ဒီလေးပါးကို ပွားများအားထုတ် ရမယ်လို့ ဟောကြားထားပါတယ်။ အောက်ကပဲ စပြောရအောင်ပါ။

၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီးတိုးပွားအောင် အားထုတ်ပါတဲ့။
ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီး တိုးပွားဖို့အတွက် ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ ပြန်ပြီး အမှတ်ရ နေမယ်၊ ဒါန သီလ ဝိပဿနာ တရားတွေ ဆက်ကာ ဆက်ကာ ပြုနေမယ် ပွားနေမယ် ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုလို့ တိုးပွားနေတော့ တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။

၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် အားထုတ် ရမယ်တဲ့။

ဒါလည်း မခက်ပါဘူး။ မပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး။

၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်ရမယ်တဲ့။

ဒါလည်း အကုသိုလ် မဖြစ်ရအောင် ကိုယ်နှုတ်စိတ်ကို အထူး စောင့်ထိန်းမယ်၊ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပါ။ မခက်ပါဘူး။
ဒီသုံးပါးကတော့ မေးခွန်း မလိုဘဲ ကိုယ့်ဟာကိုယ် အဖြေက သိပြီးသားပါ။ ပထမ သမ္မပ္ပဓာန်သာ မေးစရာ ဖြစ်နေတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့အားထုတ် ရမယ်တဲ့။ အကုသိုလ်က ဖြစ်ပြီးပြီ ပြုပီးပြီပဲ။ ဘာမှလုပ်လို့ မရတော့တာ၊ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…?။
အကုသိုလ် တစ်ခုဟာ ပြုပြီးသွားရင် ကံမြောက် သွားတော့တာပါ။ ကံမြောက်သွာရင် ကံက ကိုယ့်ကို ဧကန် မုချ မကောင်းကျိုးကို ပေးတော့မှာပါ။ ဒီတော့ အကုသိုလ်ကံ အကျိုးပေးမှု သတ္တိတွေ လျော့သွားအောင် ခေါင်းပါးသွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…?။
ဒါမေးသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ် အများစုဟာ အကုသိုလ်ကို တစ်ခုပဲ ဖြစ်ဖြစ်၊ တစ်ခုမကဘဲ ဖြစ်ဖြစ် ပြုဖူးကြတာ များပါတယ်။ ပြုပြီးလို့ သတိ သံဝေဂ နောင်တရတဲ့အခါ သိပ်စိတ်ဆင်းရဲ ရတော့တာပါ။ ပြန်ပြန်တွေးမိတိုင်း နှလုံးမသာမယာ ဖြစ်ရတော့တာပါ။
ပြုတုန်းကတော့ ခဏလေးရယ်ပါ။ ပြန်တွေးတိုင်း ခံစားရတာက အချိန်တွေ အများကြီးရယ်ပါ။ တစ်ချို့ အကုသိုလ်တွေဆို တစ်သက်စာ ဒဏ်ရာရသွားတဲ့ အထိပါပဲ။
လိုရင်း ပြန်ကောက်ရရင်တော့ ပြုပြီးတဲ့ အကုသိုလ်ကံ အကျိုးပေးမှု သတ္တိတွေ လျော့သွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…?၊ စာအတိုင်း တိုက်ရိုက်ပြန်ရင်တော့ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်မလဲ…?။
မြတ်စွာဘုရားရှင် ဖြေကြားထားတဲ့ အဖြေတော် စကားကို ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက သဂြိုလ်ဘာသာဋီကာမှာ မြန်မာစကားပြေ လှလှလေးနဲ့ ဖြေရေး ပြထားပါတယ်။ ဆရာတော့် စာသားလေးပဲ ဖတ်ကြည့်လိုက်ပါ။
လောကီ အကုသိုလ်များ၏ ပယ်ရှားပုံကား “ငါသည် ပါဏာတိ ပါတမှုကို ပြုမိချေပြီ၊ ထိုပါဏာတိ ပါတမှုကား မကောင်းဆိုးဝါးလှ၏။ ဤပါဏာတိပါတ အမှုကို ပြုမိသည့် အတွက် နောက်တစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ် နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်၊ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင်”၊ ဤသို့ ဆင်ခြင်ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတ မှုကို လုံးလုံး ဂရုမပြုဘဲ ပယ်စွန့်လိုက်၏။ နောက်နောင် အခါလည်း ထိုပါဏာတိပါတမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြည်၏။ ဤသို့သော နည်းအားဖြင့် အားထုတ်သည် ရှိသော်, ဖြစ်ပြီး ပါဏာတိပါတနှင့် အလားတူသော ပါဏာတိပါတ ကိုလည်း ပယ်စွန့်ရာရောက်၏။ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေး တော့ဘူးဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်, ဆက်လက် အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။

(သဂြိုလ်ဘာသာဋီကာ၊ နှာ - ၅၈၇၊ ၅၈၈)

လိုရင်းကတော့ ပြုပြီးတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေလိုက် တော့တာပါ။ ဒါဆိုရင် အကျိုးပေးမှုတွေ အဟောသိကံတောင် ဖြစ်ချင် ဖြစ်သွားလောက် ပါတယ်တဲ့။
ဆရာတော်ဘုရားက သံယုတ်ပါဠိတော် ဒုတိယတွဲ ဂါမဏိသံယုတ် သင်္ခဓမသုတ်ထဲက စာသားလေးကို ကိုးပြီး ဖြေပြထားတာပါ။ သင်္ခဓမသုတ်ရဲ့ အနှစ်ချုပ် ကတော့ မြတ်စွာဘုရားရှင် နာလန္ဒမြို့ သရက်ဥယျာဉ်မှာ သီတင်းသုံး နေတဲ့အချိန်မှာ နိဂဏ္ဌရဲ့ တပည့်တစ်ယောက် ရောက်လာပါတယ်။ မြတ်စွာ ဘုရားက “သင့်ဆရာ နိဂဏ္ဌက တပည့်တွေကို ဘယ်တရား ဟောလဲ”လို့ မေးပါတယ်။ ဒီတော့ နိဂဏ္ဌရဲ့ တပည့်က “အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏၊၊ သူတစ်ပါး ဥစ္စာ ခိုးသူမှန်သမျှ အပါယ်ကျ၏ ။ ကာမတို့၌ မှားယွင်းသူ မှန်သမျှ အပါယ်ကျ၏ ၊ မုသားပြောသူ မှန်သမျှ အပါယ်ကျ၏”လို့ ဟောပါတယ်လို့ ပြန်လျှောက်ပါတယ်။
အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏ ဆိုတဲ့ စကားမဟုတ်တဲ့ အကြောင်း ပြုမိတဲ့ မကောင်းမှုကံကို ပယ်ပုံ အကြောင်းကို အမေးအဖြေနဲ့ ဟောပြထားတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပြန်ပြန်တွေးပြီး နှလုံး မသာမယာဖြစ်နေရင် အကုသိုလ်ပဲ ထပ်ပွားနေတာပါ။ အတိတ်ကို မတွေးတော့ဘဲ ပစ္စုပ္ပန် တည့်တည့် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ပြီး ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေဖို့ပါပဲ။
ဒါဆို ပြုမိတဲ့ အကုသိုလ်ကံရဲ့ သတ္တိတွေ လျော့လျော့၊ ခွာခွာသွားပါ လိမ့်မယ်။ ထင်ရှားတဲ့ ဇာတ်လမ်း ဝတ္ထုတွေ အများကြီးရှိပါတယ်။ လတ်တလော ခေါင်းထဲ ပေါ်လာတာကတော့ ဇဋိလသူဋ္ဌေး လောင်းဝတ္ထုပါ။
သူက ကဿပ ဘုရားရှင် လက်ထက်မှာ ရွှေပန်းထိမ် သည်ပါ။ သဒ္ဓါ တရားလည်း ကောင်းသူပါ။ တစ်နေ့တော့ ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်ပြီး စထိုင်နေဆဲမှာပဲ ရဟန္တာ အရှင်မြတ်တစ်ပါးက ကဿပ ဘုရားရှင် စံတော်မူပြီး ဓာတုစေတီ တည်တဲ့အခါ ရွှေလိုနေတဲ့ အတွက် ရွှေလိုနေကြောင်း သိလော့ဟုလို့ မိန့်ပါတယ်။ မိန်းမကို စိတ်ထဲက စိတ်ဆိုးနေတာ ဆိုတော့ “အရှင်ဘုရားရဲ့ ဘုရား ရေထဲချပစ်လိုက်”လို့ ပြောပစ်လိုက် ပါတယ်။
ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ် ထိတ်လန့်သွားပြီး “ရှင်စိတ်ဆိုးချင်ရင် ကျွန်မကိုဆိုးပါ။ ဘာဖြစ်လို့ ဘုရားရှင်ကို ရန်လုပ်နေတာလဲ”လို့ သတိပေး လိုက်ပါတယ်။
ပါရမီပါခဲ့သူ၊ သတိရှိသူဆိုတော့ ချက်ချင်းပဲ အမှားကို သိပြီး သံဝေဂ ဖြစ်သွားပါတယ်။ ရဟန္တာ အရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး “အရှင်ဘုရား… တပည့်တော်ကို ခွင့်လွှတ်သည်းခံ ပါဘုရား”လို့ လျှောက်ပါတယ်။ အရှင်မြတ်က “ဒကာ သင်ကငါ့ကို ပြစ်မှားတာ မဟုတ်ဘူး၊ ဘုရားရှင်ကို ပြစ်မှားတာ၊ ဘုရားရှင်ကိုပဲ ကန်တော့”လို့ မိန့်ပါတယ်။
ကြောက်ကြောက် လန့်လန့်ပဲ “ဘယ်လိုကန်တော့ ရမလဲ”လို့ ထပ်မေးပါတယ်၊ အရှင်မြတ်ကလည်း ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာ သွင်းပြီး ကန်တော့ဖို့ ဖြေကြားပါတယ်။
ဇဋိလသူဌေး လောင်းလည်း အရှင်မြတ်ပြောတဲ့ အတိုင်း ကန်တော့ပါတယ်။ ဒီလို အကုသိုလ်မျိုးကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုပြီးနေ သွားတော့တာပါ။
တကယ်တော့ ဇဋိလသူဌေး လောင်းက သဒ္ဓါ တရားကောင်းပြီးသား ပါရမီ ရှိပြီးသားပါ။ ဒါပေမယ့် မိန်းမနဲ့ ရန်ဖြစ်ထားတာ ဆိုတော့ စိတ်ဆိုးနေဆဲမို့ သတိလွတ်ပြော လိုက်မိတာပါ။ စိတ်ဆိုးနေပြီး ဒေါသထွက်နေ ပြီဆိုရင် အသိတရားတွေက ပျောက်နေတော့တာပါ။ စိတ်ဆိုးနေတုန်း ပြောလိုက် ပြုလိုက်တာတွေဟာ အသိကင်းနေတဲ့ အတွက် မှားတာ များပါတယ်။ ဇဋိလသူဌေး လောင်းရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး ကိုယ်စိတ်ဆိုးနေတုန်းလည်း စကားမပြောသင့် ပါဘူး။ စိတ်ဆိုးပြေမှ ပြောကြ ပြုကြတာတော့ အကောင်းဆုံးပါပဲ။
ဇဋိလသူဌေး လောင်းဟာ အမှတ်တမဲ့ အသိမဲ့ပြီး ပြောလိုက်တဲ့ အကုသိုလ်ကံကြောင့်ပဲ ခုနှစ်ဘဝ ရေမျှောခံခဲ့ရ ပါတယ်။ နောက်ဆုံး ဂေါတမ ဘုရားရှင် လက်ထက်မှာလည်း ရေမျှောခံခဲ့ရ ပါတယ်။
ဒါပေမယ့် ပါရမီ ပါခဲ့သူဆိုတော့ အသက်ကယ်မယ့်သူကတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ တကယ်လို့သာ မကန်တော့ဘူး၊ အရှင်မြတ်ကိုလည်း ဒေါသအလျှောက် မချေမငံစကားတွေနဲ့ ထပ်ဆင့် ထပ်ဆင့် ပြစ်မှားလိုက်မယ် ဆိုရင်တော့ အပြစ်ကကြီး သထက် ကြီးသွားပါလိမ့်မယ်။
ဒီနေရာမှာ အပြစ်ကို ပြုမိပေမယ့် အကုသိုလ်ကို အကုသိုလ်မှန်း သိသူရယ်၊ အကုသိုလ်ကို အကုသိုလ်မှန်း မသိသူရယ် ဆိုပြီး ကွာသွားတာပါ။ ဆိုင်ရာမဂ် တစ်ခုခု မရသေးသရွှေ့တော့ ပုထုဇဉ် တစ်ယောက်ဟာ အချိန်တိုင်း မှားနိုင်ပါတယ်။ သတိရှဖို့ သိပ်အရေးကြီးပါတယ်။
ဇဋိလ သူဌေးလောင်းရဲ့ ပြစ်မှားတဲ့ အကုသိုလ်က ဘုရားရှင်နဲ့ ရဟန္တာ အရှင်မြတ်ဆိုတဲ့ ဂုဏ်ကြီးသူ ဖြစ်နေလို့ပါ။ တခြာ်း အကုသိုလ် တစ်ခုခုဆိုရင်တော့ အကုသိုလ် သတ္တိတွေက ဒီထက်မက လျော့ချင် လျော့သွားမှာပါ။
ပုထုဇဉ် တစ်ယောက်ရဲ့ ဘဝဟာ အချိန်မရွေး အကုသိုလ် ဖြစ်နိုင်တာဆိုတော့ တရားအသိက တော်တော်လေး ရှနေကာမှ တော်ကာကျတာပါ။ ဒီတရားအသိတွေ ရဖို့ စာဖတ်တာတို့ တရားနာတာတို့ကို အလုပ်တစ်ခုလိုကို လုပ်နေရမှာပါ။
တကယ်လို့ အကုသိုလ်ပြုခဲ့ မိရင်လည်း အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကုစားတတ်ဖို့ပါ။ မထူးတော့ပါဘူးဆိုပြီး အကုသိုလ်တွေပဲ ဆက်ကာ ဆက်ကာ ပြုနေရင်တော့ ဘဝက နစ်သထက် နစ်သွား ပါလိမ့်မယ်။
ကဲ… စာဖတ်သူ ဘဝမှာ မလွှဲမရှောင်သာ အကုသိုလ် တစ်ခုခုကို ပြုမိတယ်ဆိုပါစို့။ ဒါဆိုရင် ပြုမိတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေသာ စုံနိုင်သမျှ စုံအောင် ဆက်ကာဆက်ကာ သာပြုနေ လိုက်ပါတော့။ ဒါဟာ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်လိုက်တာပါပဲ။


ရဝေနွယ်(အင်းမ) / http://yawainwe.com/

ကလေးငယ်များ လက်ကိုင်ဖုန်းသုံးခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေမရှိ

သိပ္ပံပညာရှင်များက လက်ကိုင်ဖုန်းများကြောင့် ကလေးများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း မည်သည့် အထောက်အထားကိုမှ မတွေ့ရှိခဲ့ဟု အခိုင်အမာ ပြောဆို

ကလေးငယ်များ လက်ကိုင်ဖုန်းသုံးခြင်းကြောင့် ကင်ဆာဖြစ်နိုင်ခြေမရှိ

ကလေးငယ်များ လက်ကိုင်ဖုန်း အသုံးပြုခြင်းကြောင့် ကင်ဆာရောဂါ ဖြစ်နိုင်ခြေ မြင့်တက်လာသည်ဆိုသော ခန့်မှန်းချက်များကို သုတေသန ရလဒ်တစ်ခု ပယ်ချခဲ့သည်။ သိပ္ပံပညာရှင်များက လက်ကိုင်ဖုန်းများကြောင့် ကလေးများတွင် ကင်ဆာရောဂါ ဖြစ်နိုင်ကြောင်း မည်သည့် အထောက်အထားကိုမှ မတွေ့ရှိခဲ့ဟု အခိုင်အမာ ပြောဆိုခဲ့သည်။ ဥရောပ အနောက်ပိုင်း နိုင်ငံများမှ ကလေးငယ် (၁၀၀၀)နီးပါးကို စောင့်ကြည့်လေ့လာပြီးနောက် ယခုတွေ့ရှိချက်ကို ကြေညာခဲ့ခြင်းဖြစ်သည်။

ထိုကလေးများတွင် ဦးနှောက်အတွင်း အကြိတ်ရှိသူ (၃၅၂)ဦးနှင့် မည်သည့် ကင်ဆာလက္ခဏာမျှ ရှိမနေသူ (၆၄၆)ဦးတို့ ပါဝင်သည်။ အသက် (၇)နှစ်မှ (၁၉)နှစ်ကြား အဆိုပါ ကလေးများကို လေ့လာမှုများ ပြုလုပ်ပြီးနောက် လက်ကိုင်ဖုန်းကြောင့် ဦးနှောက်ကင်ဆာ ဖြစ်နိုင်အောင် မည်သည့် လှုံ့ဆော်မှုမျိုးမှ ပေါ်ထွက်လာသည်ကို မတွေ့ရကြောင်း ဗြိတိန် အမျိုးသား ကင်ဆာဌာန၏ ဆေးပညာဂျာနယ်တွင် ရေးသား ဖော်ပြခဲ့သည်။ သုတေသီများက ယခုရလဒ်သည် ကလေးများအတွက် သီးသန့်အာရုံစိုက် လေ့လာမှု ပြုခဲ့ခြင်းဖြစ်ပြီး အရေးပါသော တွေ့ရှိချက် တစ်ခုအဖြစ် ပြောကြားခဲ့ကြသည်။

ဆွစ်ဇာလန်နိုင်ငံ ပြည်သူ့ကျန်းမာရေး ဌာနမှ ဒေါက်တာ ဒင်းနစ်အိုင်ဒင် ဦးဆောင်သော ပညာရှင်များသည် မိုဘိုင်းလ်ဖုန်းကို ရေရှည် အသုံးပြုသော ကလေးများ၏ ဦးနှောက်တွင် ကင်ဆာ၏ အခြေခံ အကျိတ်အဖုများ ဖြစ်လာခြင်း ရှိမရှိ ဆက်စပ်မှုကို စနစ်တကျ လေ့လာခဲ့သည်။ ယခင်က လက်ကိုင် မိုဘိုင်းလ်ဖုန်းများမှ ထုတ်လွှတ်သော ဖြာထွက် စွမ်းအင်များသည် ဦးနှောက်ကို သက်ရောက်မှု ရှိနိုင်ကြောင်း ယုံကြည်မှုများ ရှိနေခဲ့သည်။ သို့သော်လည်း မိမိတို့ သုတေသန အဖွဲ့၏ အချိန်ယူ လေ့လာမှုများအတွင်း မည်သည့် ဆက်စပ်မှုကိုမှ မတွေ့ရှိခဲ့ကြောင်း အိုင်ဒင်က အခိုင်အမာ ပြောဆိုသွားသည်။

Source: USAToday

ကော်ဖီနှင့် သွေးတိုးရောဂါ ဆက်စပ်သည်ဆိုမှုအား ပညာရှင်များပယ်ချ

အမေရိကန်မှ ဆရာဝန်အချို့က နေ့စဉ် ကော်ဖီခွက်ရေ အတော်များများ သောက်ခြင်းသည် သွေးတိုးခြင်း၊ ၎င်းနှင့်ဆက်စပ်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အသက်တိုနိုင်ခြင်းတို့ ဖြစ်ပေါ်စေတတ်သည်ဆိုသော အယူအဆများကို ပယ်ချလိုက်

ကော်ဖီနှင့် သွေးတိုးရောဂါ ဆက်စပ်သည်ဆိုမှုအား ပညာရှင်များပယ်ချ

ကော်ဖီကို အများအပြား သောက်သုံးခြင်းကြောင့် သွေးတိုးနိုင်သည်ဆိုသော အချက်ကို ပညာရှင်များက ငြင်းဆိုလိုက်သည်။ အမေရိကန်မှ ဆရာဝန်အချို့က နေ့စဉ် ကော်ဖီခွက်ရေ အတော်များများ သောက်ခြင်းသည် သွေးတိုးခြင်း၊ ၎င်းနှင့်ဆက်စပ်ပြီး နှလုံးရောဂါ၊ လေဖြတ်ခြင်းနှင့် အသက်တိုနိုင်ခြင်းတို့ ဖြစ်ပေါ်စေတတ်သည်ဆိုသော အယူအဆများကို ပယ်ချလိုက်သည်။ လူဝီစီးယားနားရှိ ပြည်သူ့ကျန်းမာရေး ဆေးကျောင်းမှ ဒေါက်တာလီဝီချန်းနှင့် သုတေသီများက နေ့စဉ်ကော်ဖီ ခွက်ရေအတော်များများ သောက်သူများနှင့် ကော်ဖီမသောက်သူများကြား သိသာထင်ရှားသော သက်ရောက်မှု မရှိကြောင်း အတည်ပြု ပြောကြားခဲ့ကြသည်။ လူပေါင်း(၁၇၀၀၀၀)တို့၏ (၃၃)နှစ်တာ ကာလအတွင်း နေထိုင်စားသောက်မှု ပုံစံကို စနစ်တကျ လေ့လာပြီးနောက် ကော်ဖီကို အလွန်အကျွံ စွဲမြဲစွာ သောက်သုံးခြင်းသည် ကျန်းမာရေးအတွက် ဆိုးရွားသော သက်ရောက်မှုမျိုး မရှိနိုင်ဟု ဒေါက်တာချန်းက ရှင်းပြခဲ့သည်။ “အဓိကကျတဲ့ ပြောင်းလဲမှုကတော့ လူတွေရဲ့ မျိုးဗီဇ ကွဲပြားမှုက ကော်ဖီရဲ့ အာနိသင်ကို ပုံစံမတူဘဲ လက်သင့်ခံကြတဲ့ အချက်ပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ လူတချို့ဟာ ကော်ဖီဘယ်လောက်သောက်သောက် ဘာမှမဖြစ်နိုင်ပေမယ့် တချို့ကျတော့ ဒီစံညွှန်းနဲ့ တိုင်းတာလို့ မရပါဘူး။ ကော်ဖီကြောင့် သွေးတိုးတာ မဟုတ်ဘဲ လူတွေရဲ့ မျိုးဗီဇ ဖွဲ့စည်းမှု အပြောင်းအလဲကြောင့်သာ ခုလိုကွဲပြားတဲ့ သက်ရောက်မှုတွေ ဖြစ်လာတာပါ”ဟု သူမက ပြောဆိုသွားသည်။ နယူးယော့ခ်ရှိ မောင့်ဆီနိုင်း ဆေးပညာစင်တာမှ ဒေါက်တာလောရန့်စ်ကရာကော့ဖ်ကလည်း “ကော်ဖီက သွေးတိုးမှုအတွက် အန္တရာယ်များတဲ့ ညွှန်ကိန်းတစ်ခုလို့ ကျွန်တော်လက်ခံလို့ မရဘူး”ဟု ပြောဆိုသွားသည်။ သို့သော်လည်း သွယ်ဝိုက်သော သက်ရောက်မှုအဖြစ် တစ်နေ့လျင် ကော်ဖီ(၁၂)ခွက်မျှ သောက်ပါက အိပ်မရဘဲ မျက်စိကြောင်နေတတ်သော ပြဿနာမျိုး ကြုံရနိုင်ပြီး ယင်းမှာမူ သွေးတိုးခြင်းနှင့် ဆက်စပ်သည်ဟု ယူဆရကြောင်း ဒေါက်တာကရာကော့ဖ်က သတိပေး ပြောကြားခဲ့သည်။

Related Posts Plugin for WordPress, Blogger...