.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Monday, November 7, 2011

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ?

ရဝေနွယ်(အင်းမ)


ဖြစ်ပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…? မေးခွန်းရဲ့ သဘောလေးကို ပိုပြီး ပြည့်စုံသွားအောင် ကြားဖူးတဲ့ သမ္မပ္ပဓာန် လေးပါးဘက်က လှည့်ပြောရအောင်ပါ။

သမ္မပ္ပဓာန်လေးပါးက -
၁။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကိုပယ်ဖို့ အားထုတ်ရမယ်။
၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေကို မဖြစ်အောင် အားထုတ်ရမယ်။
၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေကို ဖြစ်အောင် အားထုတ်ရမယ်။
၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေကို ပိုပြီး တိုးပွားအောင် အားထုတ်ရမယ်။
မြတ်စွာဘုရားက ဒီလေးပါးကို ပွားများအားထုတ် ရမယ်လို့ ဟောကြားထားပါတယ်။ အောက်ကပဲ စပြောရအောင်ပါ။

၎။ ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီးတိုးပွားအောင် အားထုတ်ပါတဲ့။
ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုပြီး တိုးပွားဖို့အတွက် ပြုခဲ့ဖူးတဲ့ ကုသိုလ်တွေ ပြန်ပြီး အမှတ်ရ နေမယ်၊ ဒါန သီလ ဝိပဿနာ တရားတွေ ဆက်ကာ ဆက်ကာ ပြုနေမယ် ပွားနေမယ် ဆိုရင် ဖြစ်ပြီးတဲ့ ကုသိုလ်တွေ ပိုလို့ တိုးပွားနေတော့ တာပါ။ ခက်လားဆိုတော့ မခက်ပါဘူး။

၃။ မဖြစ်သေးတဲ့ ကုသိုလ်တွေ ဖြစ်အောင် အားထုတ် ရမယ်တဲ့။

ဒါလည်း မခက်ပါဘူး။ မပြုဖူးသေးတဲ့ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေရုံပါ။ မခက်ပါဘူး။

၂။ မဖြစ်သေးတဲ့ အကုသိုလ်တွေ မဖြစ်အောင် အားထုတ်ရမယ်တဲ့။

ဒါလည်း အကုသိုလ် မဖြစ်ရအောင် ကိုယ်နှုတ်စိတ်ကို အထူး စောင့်ထိန်းမယ်၊ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေမယ်ဆိုရင်လည်း အကုသိုလ်တွေ မဖြစ်အောင် အားထုတ်နေတာပါ။ မခက်ပါဘူး။
ဒီသုံးပါးကတော့ မေးခွန်း မလိုဘဲ ကိုယ့်ဟာကိုယ် အဖြေက သိပြီးသားပါ။ ပထမ သမ္မပ္ပဓာန်သာ မေးစရာ ဖြစ်နေတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ပယ်ဖို့အားထုတ် ရမယ်တဲ့။ အကုသိုလ်က ဖြစ်ပြီးပြီ ပြုပီးပြီပဲ။ ဘာမှလုပ်လို့ မရတော့တာ၊ ဒီတော့ ဖြစ်ပြီးတဲ့ ပြုပြီးတဲ့ အကုသိုလ်ကို ဘယ်လိုပယ်မလဲ…?။
အကုသိုလ် တစ်ခုဟာ ပြုပြီးသွားရင် ကံမြောက် သွားတော့တာပါ။ ကံမြောက်သွာရင် ကံက ကိုယ့်ကို ဧကန် မုချ မကောင်းကျိုးကို ပေးတော့မှာပါ။ ဒီတော့ အကုသိုလ်ကံ အကျိုးပေးမှု သတ္တိတွေ လျော့သွားအောင် ခေါင်းပါးသွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…?။
ဒါမေးသင့်တဲ့ မေးခွန်းပါ။ ဘာဖြစ်လို့လဲဆိုတော့ ပုထုဇဉ် အများစုဟာ အကုသိုလ်ကို တစ်ခုပဲ ဖြစ်ဖြစ်၊ တစ်ခုမကဘဲ ဖြစ်ဖြစ် ပြုဖူးကြတာ များပါတယ်။ ပြုပြီးလို့ သတိ သံဝေဂ နောင်တရတဲ့အခါ သိပ်စိတ်ဆင်းရဲ ရတော့တာပါ။ ပြန်ပြန်တွေးမိတိုင်း နှလုံးမသာမယာ ဖြစ်ရတော့တာပါ။
ပြုတုန်းကတော့ ခဏလေးရယ်ပါ။ ပြန်တွေးတိုင်း ခံစားရတာက အချိန်တွေ အများကြီးရယ်ပါ။ တစ်ချို့ အကုသိုလ်တွေဆို တစ်သက်စာ ဒဏ်ရာရသွားတဲ့ အထိပါပဲ။
လိုရင်း ပြန်ကောက်ရရင်တော့ ပြုပြီးတဲ့ အကုသိုလ်ကံ အကျိုးပေးမှု သတ္တိတွေ လျော့သွားအောင် ခွာသွားအောင် ဘယ်လိုလုပ်မလဲ…?၊ စာအတိုင်း တိုက်ရိုက်ပြန်ရင်တော့ ဖြစ်ပြီးတဲ့ အကုသိုလ်တွေကို ဘယ်လိုပယ်မလဲ…?။
မြတ်စွာဘုရားရှင် ဖြေကြားထားတဲ့ အဖြေတော် စကားကို ကျေးဇူးတော်ရှင် ဆရာတော် အရှင်ဇနကာဘိဝံသက သဂြိုလ်ဘာသာဋီကာမှာ မြန်မာစကားပြေ လှလှလေးနဲ့ ဖြေရေး ပြထားပါတယ်။ ဆရာတော့် စာသားလေးပဲ ဖတ်ကြည့်လိုက်ပါ။
လောကီ အကုသိုလ်များ၏ ပယ်ရှားပုံကား “ငါသည် ပါဏာတိ ပါတမှုကို ပြုမိချေပြီ၊ ထိုပါဏာတိ ပါတမှုကား မကောင်းဆိုးဝါးလှ၏။ ဤပါဏာတိပါတ အမှုကို ပြုမိသည့် အတွက် နောက်တစ်ဖန် ပူပန်ခြင်း ကုက္ကုစ္စဖြစ် နေလျှင် အကုသိုလ်တွေသာ ထပ်၍ တိုးပွားတော့မည်၊ ပူပန်မှုကြောင့် ပြုမိတာလည်း မပြုရာရောက်အောင် မတတ်နိုင်”၊ ဤသို့ ဆင်ခြင်ပြီးလျှင် ထိုပြုမိသော ပါဏာတိပါတ မှုကို လုံးလုံး ဂရုမပြုဘဲ ပယ်စွန့်လိုက်၏။ နောက်နောင် အခါလည်း ထိုပါဏာတိပါတမှု မဖြစ်ဖို့ရာ လွန်စွာရှောင်ကြည်၏။ ဤသို့သော နည်းအားဖြင့် အားထုတ်သည် ရှိသော်, ဖြစ်ပြီး ပါဏာတိပါတနှင့် အလားတူသော ပါဏာတိပါတ ကိုလည်း ပယ်စွန့်ရာရောက်၏။ ဤကဲ့သို့ ပယ်စွန့်မှုကြောင့် ဘယ်တော့မှ အကျိုးမပေး တော့ဘူးဟု မဆိုနိုင်သော်လည်း တော်တော်နှင့်ကား အကျိုးပေးခွင့် ရမည်မဟုတ်, ဆက်လက် အားထုတ်သွားလျှင် အဟောသိကံပင် ဖြစ်လောက်ရာ၏။

(သဂြိုလ်ဘာသာဋီကာ၊ နှာ - ၅၈၇၊ ၅၈၈)

လိုရင်းကတော့ ပြုပြီးတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေလိုက် တော့တာပါ။ ဒါဆိုရင် အကျိုးပေးမှုတွေ အဟောသိကံတောင် ဖြစ်ချင် ဖြစ်သွားလောက် ပါတယ်တဲ့။
ဆရာတော်ဘုရားက သံယုတ်ပါဠိတော် ဒုတိယတွဲ ဂါမဏိသံယုတ် သင်္ခဓမသုတ်ထဲက စာသားလေးကို ကိုးပြီး ဖြေပြထားတာပါ။ သင်္ခဓမသုတ်ရဲ့ အနှစ်ချုပ် ကတော့ မြတ်စွာဘုရားရှင် နာလန္ဒမြို့ သရက်ဥယျာဉ်မှာ သီတင်းသုံး နေတဲ့အချိန်မှာ နိဂဏ္ဌရဲ့ တပည့်တစ်ယောက် ရောက်လာပါတယ်။ မြတ်စွာ ဘုရားက “သင့်ဆရာ နိဂဏ္ဌက တပည့်တွေကို ဘယ်တရား ဟောလဲ”လို့ မေးပါတယ်။ ဒီတော့ နိဂဏ္ဌရဲ့ တပည့်က “အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏၊၊ သူတစ်ပါး ဥစ္စာ ခိုးသူမှန်သမျှ အပါယ်ကျ၏ ။ ကာမတို့၌ မှားယွင်းသူ မှန်သမျှ အပါယ်ကျ၏ ၊ မုသားပြောသူ မှန်သမျှ အပါယ်ကျ၏”လို့ ဟောပါတယ်လို့ ပြန်လျှောက်ပါတယ်။
အသက်သတ်သူ မှန်သမျှ အပါယ်ကျ၏ ဆိုတဲ့ စကားမဟုတ်တဲ့ အကြောင်း ပြုမိတဲ့ မကောင်းမှုကံကို ပယ်ပုံ အကြောင်းကို အမေးအဖြေနဲ့ ဟောပြထားတာပါ။ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပြန်ပြန်တွေးပြီး နှလုံး မသာမယာဖြစ်နေရင် အကုသိုလ်ပဲ ထပ်ပွားနေတာပါ။ အတိတ်ကို မတွေးတော့ဘဲ ပစ္စုပ္ပန် တည့်တည့် ဖြစ်ခိုက် ရုပ်နာမ်ကို ရှုမှတ်ပြီး ကုသိုလ်တွေ ဆက်ကာ ဆက်ကာ ပြုနေဖို့ပါပဲ။
ဒါဆို ပြုမိတဲ့ အကုသိုလ်ကံရဲ့ သတ္တိတွေ လျော့လျော့၊ ခွာခွာသွားပါ လိမ့်မယ်။ ထင်ရှားတဲ့ ဇာတ်လမ်း ဝတ္ထုတွေ အများကြီးရှိပါတယ်။ လတ်တလော ခေါင်းထဲ ပေါ်လာတာကတော့ ဇဋိလသူဋ္ဌေး လောင်းဝတ္ထုပါ။
သူက ကဿပ ဘုရားရှင် လက်ထက်မှာ ရွှေပန်းထိမ် သည်ပါ။ သဒ္ဓါ တရားလည်း ကောင်းသူပါ။ တစ်နေ့တော့ ဇနီးလုပ်သူနဲ့ စကားများ ရန်ဖြစ်ကြပါတယ်။ ရန်ဖြစ်ပြီး စထိုင်နေဆဲမှာပဲ ရဟန္တာ အရှင်မြတ်တစ်ပါးက ကဿပ ဘုရားရှင် စံတော်မူပြီး ဓာတုစေတီ တည်တဲ့အခါ ရွှေလိုနေတဲ့ အတွက် ရွှေလိုနေကြောင်း သိလော့ဟုလို့ မိန့်ပါတယ်။ မိန်းမကို စိတ်ထဲက စိတ်ဆိုးနေတာ ဆိုတော့ “အရှင်ဘုရားရဲ့ ဘုရား ရေထဲချပစ်လိုက်”လို့ ပြောပစ်လိုက် ပါတယ်။
ဒီစကားသံကြားတော့ ဇနီးလုပ်သူက စိုးရိမ် ထိတ်လန့်သွားပြီး “ရှင်စိတ်ဆိုးချင်ရင် ကျွန်မကိုဆိုးပါ။ ဘာဖြစ်လို့ ဘုရားရှင်ကို ရန်လုပ်နေတာလဲ”လို့ သတိပေး လိုက်ပါတယ်။
ပါရမီပါခဲ့သူ၊ သတိရှိသူဆိုတော့ ချက်ချင်းပဲ အမှားကို သိပြီး သံဝေဂ ဖြစ်သွားပါတယ်။ ရဟန္တာ အရှင်မြတ်ကိုပဲ လက်အုပ်ချီပြီး “အရှင်ဘုရား… တပည့်တော်ကို ခွင့်လွှတ်သည်းခံ ပါဘုရား”လို့ လျှောက်ပါတယ်။ အရှင်မြတ်က “ဒကာ သင်ကငါ့ကို ပြစ်မှားတာ မဟုတ်ဘူး၊ ဘုရားရှင်ကို ပြစ်မှားတာ၊ ဘုရားရှင်ကိုပဲ ကန်တော့”လို့ မိန့်ပါတယ်။
ကြောက်ကြောက် လန့်လန့်ပဲ “ဘယ်လိုကန်တော့ ရမလဲ”လို့ ထပ်မေးပါတယ်၊ အရှင်မြတ်ကလည်း ရွှေပန်းအိုး သုံးအိုးလုပ်ပြီး ဓာတ်တော်အတွင်းမှာ ဌာပနာ သွင်းပြီး ကန်တော့ဖို့ ဖြေကြားပါတယ်။
ဇဋိလသူဌေး လောင်းလည်း အရှင်မြတ်ပြောတဲ့ အတိုင်း ကန်တော့ပါတယ်။ ဒီလို အကုသိုလ်မျိုးကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေ ဆက်ကာဆက်ကာ ပြုပြီးနေ သွားတော့တာပါ။
တကယ်တော့ ဇဋိလသူဌေး လောင်းက သဒ္ဓါ တရားကောင်းပြီးသား ပါရမီ ရှိပြီးသားပါ။ ဒါပေမယ့် မိန်းမနဲ့ ရန်ဖြစ်ထားတာ ဆိုတော့ စိတ်ဆိုးနေဆဲမို့ သတိလွတ်ပြော လိုက်မိတာပါ။ စိတ်ဆိုးနေပြီး ဒေါသထွက်နေ ပြီဆိုရင် အသိတရားတွေက ပျောက်နေတော့တာပါ။ စိတ်ဆိုးနေတုန်း ပြောလိုက် ပြုလိုက်တာတွေဟာ အသိကင်းနေတဲ့ အတွက် မှားတာ များပါတယ်။ ဇဋိလသူဌေး လောင်းရဲ့ ဖြစ်စဉ်ကို ကြည့်ပြီး ကိုယ်စိတ်ဆိုးနေတုန်းလည်း စကားမပြောသင့် ပါဘူး။ စိတ်ဆိုးပြေမှ ပြောကြ ပြုကြတာတော့ အကောင်းဆုံးပါပဲ။
ဇဋိလသူဌေး လောင်းဟာ အမှတ်တမဲ့ အသိမဲ့ပြီး ပြောလိုက်တဲ့ အကုသိုလ်ကံကြောင့်ပဲ ခုနှစ်ဘဝ ရေမျှောခံခဲ့ရ ပါတယ်။ နောက်ဆုံး ဂေါတမ ဘုရားရှင် လက်ထက်မှာလည်း ရေမျှောခံခဲ့ရ ပါတယ်။
ဒါပေမယ့် ပါရမီ ပါခဲ့သူဆိုတော့ အသက်ကယ်မယ့်သူကတော့ ပေါ်ပေါက်လာခဲ့ပါတယ်။ တကယ်လို့သာ မကန်တော့ဘူး၊ အရှင်မြတ်ကိုလည်း ဒေါသအလျှောက် မချေမငံစကားတွေနဲ့ ထပ်ဆင့် ထပ်ဆင့် ပြစ်မှားလိုက်မယ် ဆိုရင်တော့ အပြစ်ကကြီး သထက် ကြီးသွားပါလိမ့်မယ်။
ဒီနေရာမှာ အပြစ်ကို ပြုမိပေမယ့် အကုသိုလ်ကို အကုသိုလ်မှန်း သိသူရယ်၊ အကုသိုလ်ကို အကုသိုလ်မှန်း မသိသူရယ် ဆိုပြီး ကွာသွားတာပါ။ ဆိုင်ရာမဂ် တစ်ခုခု မရသေးသရွှေ့တော့ ပုထုဇဉ် တစ်ယောက်ဟာ အချိန်တိုင်း မှားနိုင်ပါတယ်။ သတိရှဖို့ သိပ်အရေးကြီးပါတယ်။
ဇဋိလ သူဌေးလောင်းရဲ့ ပြစ်မှားတဲ့ အကုသိုလ်က ဘုရားရှင်နဲ့ ရဟန္တာ အရှင်မြတ်ဆိုတဲ့ ဂုဏ်ကြီးသူ ဖြစ်နေလို့ပါ။ တခြာ်း အကုသိုလ် တစ်ခုခုဆိုရင်တော့ အကုသိုလ် သတ္တိတွေက ဒီထက်မက လျော့ချင် လျော့သွားမှာပါ။
ပုထုဇဉ် တစ်ယောက်ရဲ့ ဘဝဟာ အချိန်မရွေး အကုသိုလ် ဖြစ်နိုင်တာဆိုတော့ တရားအသိက တော်တော်လေး ရှနေကာမှ တော်ကာကျတာပါ။ ဒီတရားအသိတွေ ရဖို့ စာဖတ်တာတို့ တရားနာတာတို့ကို အလုပ်တစ်ခုလိုကို လုပ်နေရမှာပါ။
တကယ်လို့ အကုသိုလ်ပြုခဲ့ မိရင်လည်း အကုသိုလ်ကို အကုသိုလ်မှန်းသိပြီး ကုစားတတ်ဖို့ပါ။ မထူးတော့ပါဘူးဆိုပြီး အကုသိုလ်တွေပဲ ဆက်ကာ ဆက်ကာ ပြုနေရင်တော့ ဘဝက နစ်သထက် နစ်သွား ပါလိမ့်မယ်။
ကဲ… စာဖတ်သူ ဘဝမှာ မလွှဲမရှောင်သာ အကုသိုလ် တစ်ခုခုကို ပြုမိတယ်ဆိုပါစို့။ ဒါဆိုရင် ပြုမိတဲ့ အကုသိုလ်ကို နောင်ဘယ်တော့မှ မပြုတော့ဘဲ ကုသိုလ်တွေသာ စုံနိုင်သမျှ စုံအောင် ဆက်ကာဆက်ကာ သာပြုနေ လိုက်ပါတော့။ ဒါဟာ ဖြစ်ပြီးတဲ့ အကုသိုလ်ကို ပယ်လိုက်တာပါပဲ။


ရဝေနွယ်(အင်းမ) / http://yawainwe.com/

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...