.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Friday, August 26, 2011

ရဝေနွယ်အသစ် ( တစ် )

ဘာပဲဖြစ်နေဖြစ်နေ ငါတရားအားထုတ်ဖို့ အဓိက
အမှန်ပြောရရင် စာရေးသူက ကိုယ့်ကိုယ်ကို သိပ်မကြည်ညိုလှပါဘူး။ ဒါတကယ်ပြောတာပါ။ တစ်ခါတစ်ခါ ကိုယ့်ရင်ထဲ ကိုယ်မလိုချင်တဲ့ ကိုယ်သိပ်မုန်းတဲ့ အကုသိုလ်စိတ်တွေ  ဝင်လာရင် သိပ်စိတ်ဆင်းရဲရပါတယ်။

ရဟန်းလည်းဖြစ် ဒါတင်မက ပရိသတ် အသိအမှတ်ပြုတဲ့ စာရေးဆရာရဟန်းတစ်ပါးလည်းဖြစ်ပြီး “ဒီအကုသိုလ်မျိုးတွေဝင်လာရပါ့ မလား ”ဆိုပြီး တွေးရင်းတွေးရင်း စိတ်ဆင်းရဲရတော့တာပါ။ ဒါကြောင့် အကုသိုလ်ပယ်နည်းတွေကို ရနိုင်သမျှစုထားတာပါ။နောင်လည်းဆက်စုနေဦးမှာပါ။ စုလို့ရသမျှ ပယ်နည်းတွေကိုလည်း  ချစ်တဲ့စာဖတ်သူတွေဆီကို ရေးပို့နေဦးမှာပါ။

အဲဒီလိုအကုသိုလ်စိတ်ဝင်လာလို့ စိတ်ဆင်းရဲရပြီဆိုရင် ကိုယ့်ကိုယ်ကို တရားပြန်ဟောတဲ့ တရားလေးတစ်ပုဒ်ရှိပါတယ်။ ဘာလဲဆိုတော့ “ ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက”ဆိုတဲ့စကားလေးပါ။ အဲဒီစကားလေးကို ထပ်ကာထပ်ကာရွတ်နေလိုက်ရင် စိတ်ကသက်သာ သွားတာများပါတယ်။

အခုတလော တရားပွဲတွေမှာဆို တရားဆုံးခါနီးမှာ ဒါကိုပဲ ထပ်ကာထပ်ကာဟောနေလိုက်တာပါ။ ကိုယ့်ကိုယ်ကိုလည်းဟောပြီးသားဖြစ်၊ တရားနာ ပရိသတ်ကိုလည်း ဟောပြီးသားဖြစ်နဲ့ သိပ်သဘောကျတာပါ။

ဒါကိုပဲ ထပ်ကာထပ်ကာဟောနေတော့ စာရေးသူရဲ့ ကပ္ပိယတစ်ယေက်ဖြစ်တဲ့ ကွန်ပျူတာပညာရှင် တစ်ယောက်လည်းဖြစ်တဲ့ ကိုအောင်သိန်းက သူ့ရဲ့မွေးနေ့မှာ ဒီ “ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့အဓိက”ဆိုတဲ့ စာသားလေးကို ဆိုင်းဘုတ်ကလေးလုပ်ပြီးလာလှူပါတယ်။ယောဂီတွေ တရားထိုင်တဲ့ နေရာမှာပဲချိတ်ပေးထားလိုက်ပါတယ်။

“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့ နေရာမှာဘာပဲဖြစ်နေ ဖြစ်နေမှာနှစ်ပိုင်းရှိပါတယ်။ ကိုယ်ဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရား အားထုတ်ဖို့ အဓိက၊ သူများဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့အဓိကပါ။

ကိုယ်ဘာပဲ ဖြစ်နေ ဖြစ်နေမှာ ကိုယ့်ဘဝမှာ ငွေကြေး အဆင်ပြေတာလည်းရှိမယ်၊  မပြေတာလည်းရှိမယ်။ အိမ်ထောင်ရေး အဆင်ပြေတာလည်းရှိမယ်၊ မပြေတာလည်းရှိမယ်။ လူမှုရေးအဆင်ပြေတာလည်းရှိမယ်၊ မပြေတာလည်းရှိမယ်၊ အလုပ်အဆင်ပြေတာလည်းရှိမယ်၊ မပြေတာလည်းရှိမယ်။  ရာထူးဌာနန္တရ အဆင်ပြေတာလည်းရှိမယ်၊  မပြေတာလည်းရှိမယ်။ ဘာပဲဖြစ်နေဖြစ်နေ  ကိုယ်တရားအားထုတ်ဖို့အဓိကပါပဲ။ တချို့ကိစ္စတွေက ကံနဲ့ လည်း ဆိုင်ပါတယ်။ သူ့ဟာသူ ကံဆိုးချင် ဆိုးနေပါစေ ကိုယ်တရားအားထုတ်ဖို့က အဓိကပါပဲ။

နောက်တစ်ပိုင်းက သူများဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့က အဓိကပါ။ သူများတွေဘယ်လိုအခြေအနေ အနေအထားတွေ ပဲရောက်နေရောက်နေ၊ ဥက္ကဋ္ဌတွေအတွင်းရေးမှုးတွေပဲ ဖြစ်နေ ဖြစ်နေကိုယ်တရားအားထုတ်ဖို့ အဓိကပါပဲ။

ဒီနေရာမှာ သူများဘာပဲဖြစ်နေဖြစ်နေ ကိုယ်တရားအားထုတ်ဖို့အဓိကဆိုတော့“နည်းနည်းများ အတ္တဆန်မနေဘူးလား”လို့ မေးစရာရှိပါတယ်။

“ ဒါနအရာ ဝမ်းမြောက်တာ မှန်စွာ အဓိကဖြစ်ပေသည်။ ဝိပဿနာအရာ ဥပေက္ခာ မှန်စွာ အဓိက ဖြစ်ပေသည်” ဆိုတဲ့အတိုင်း ဝိပဿနာတရား အားထုတ်တဲ့ နေရာမှာတော့ ဥပေက္ခာကအဓိကပါ။

တရားအားထုတ်နေစဉ်ကာလမှာ အားလုံးကိုဥပေက္ခာပြုထားရမှာပါ။ ဒီတော့ ကိုယ်တရားအားထုတ်နေစဉ်ကာလမှာ ကိုယ့်ခင်ပွန်းကိုလည်း ဥပေက္ခာပြုထားရမှာပါ၊  ကိုယ့်ဇနီးကိုလည်း ဥပေက္ခာပြုထားရမှာပါ။ ကိုယ့်သားသမီးကိုလည်း ဥပေက္ခာပြုထားရမှာပါ။ ကိုယ့်ချစ်သူကိုလည်း ဥပေက္ခာပြုထားရမှာပါ။ အားလုံး အားလုံးကို ဥပေက္ခာပြုထားရမှာပါပဲ။

ဘာပဲဖြစ်နေဖြစ်နေ တရားအားထုတ်နေရင် ဘဝကအဓိပ္ပါယ်ရှိနေတာပါပဲ။ ကိုယ့်ဘဝကိုယ် မကြည်ညိုလို့ အသစ်ပြန်တည်ဆောက်တဲ့နေရာမှာ သီလကိုအခြေခံပြီး ဝိပဿနာတရားတွေ အားထုတ်ရင်းနဲ့ ပြန်တည်ဆောက်ရမှာပါပဲ။

ဝိပဿနာတရား အားထုတ်တဲ့နေရာမှာ တချို့က အားထုတ်လို့ကောင်းတာလည်းရှိမယ်၊ အားထုတ် လို့ မကောင်းတာလည်းရှိမယ်။ ဒါနဲ့ ပတ်သက်လို့ ပုဂ္ဂိုလ်လေးမျိုးရှိပါတယ်။

(၁) တရားရှုမှတ်တဲ့အခါမှာ  ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်၊ တရားလည်းအတွေ့နှေးတယ်၊ ဒါကတစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ဒန္ဓာဘိညာလို့ခေါ်ပါတယ်။

(၂) တရားရှုမှတ်တဲ့အခါမှာ  ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်း ရှုမှတ်ရတယ် ။ ဒါပေမယ့် တရားကျတော့ အတွေ့မြန်တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ဒုက္ခပဋိပဒါ ခိပ္ပါဘိညာလို့ခေါ်ပါတယ်။

(၃) တရားရှုမှတ်တဲ့အခါမှာတော့ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရပါတယ်။ ဒါပေမယ့် တရားကတော့ အတွေ့နှေးနေပါတယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို သုခါပဋိပဒါ ဒန္ဓာဘိညာလို့ခေါ်ပါတယ်။

(၄) တရားရှုမှတ်တဲ့အခါမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ်။ တရားလည်း မြန်မြန်တွေ့တယ်။ ဒါက တစ်ယောက်ပါ။ သူ့ကို ကျတော့ သုခါပဋိပဒါခိပ္ပါဘိညာလို့ ခေါ်ပါတယ်။

တရားရှုမှတ်တဲ့နေရာမှာ အဲဒီလို လေးမျိုး ဘာဖြစ်လို့ ကွဲနေရတာလဲဆိုတော့ အတိတ်အတိတ် ဘဝတွေနဲ့ ဆိုင်နေပါတယ်။

၁။ အတိတ်တိတ်ဘဝတွေက သမထလည်း အားမထုတ်ခဲ့ဖူးဘူး။ ဝိပဿနာလည်းအားမထုတ်ခဲ့ဖူးဘူး ဆိုရင် အဲဒီပုဂ္ဂိုလ်ဟာ တရားရှုမှတ်တဲ့ အခါမှာ ငြိုငြို ငြင်ငြင် ပင်ပင်ပန်းပန်းလည်း ရှုမှတ်ရတယ်။ တရားလည်း အတွေ့နှေးပါတယ်။

၂။ အတိတ်တိတ်ဘဝတွေက ဝိပဿနာတရားတော့ အားထုတ်ဖူးတယ်၊ သမထကိုတော့ အားမထုတ်ခဲ့ဖူး ဘူးဆိုရင် တရားရှုမှတ်တဲ့အခါငြိုငြိုငြင်ငြင် ပင်ပင်ပန်းပန်းတော့ ရှုမှတ်ရတယ်၊ တရားတွေတော့ အတွေ့မြန်ပါ တယ်။

၃။ အတိတ်တိတ်ဘဝတွေက သမထကိုတော့ အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာတရားကိုတော့ အားမထုတ် ခဲ့ဖူးဘူးဆိုရင် တရားရှုမှတ်တဲ့အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူတော့ ရှုမှတ်ရတယ်။ တရားကျတော့ အတွေ့ နှေးတတ်ပါတယ်။

၎။ အတိတ်တိတ် ဘဝတွေက သမထလည်း အားထုတ်ခဲ့ဖူးတယ်။ ဝိပဿနာလည်း အားထုတ်ခဲ့ဖူးတယ် ဆိုရင်တော့ တရားရှုမှတ်တဲ့အခါ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူလည်း ရှုမှတ်ရတယ် တရားလည်း အတွေ့ မြန် ပါတယ်။

ဒီသဘောတွေသိထားတော့ တရားအားထုတ်တဲ့အခါ အခက်အခဲတွေ့ရပေမယ့်ဘာမှ စိတ်ပျက်အားငယ်စရာ မလိုတော့ပါဘူး။ ဒီဘဝမှာ တရားထူး ရအောင် အားမထုတ်နိုင်ရင်တော့ နောက်ဘဝ နောက်ဘဝတွေမှာ ချမ်းချမ်းသာသာ လွယ်လွယ်ကူကူ အားထုတ်ဖို့ တရားတွေ အတွေ့မြန်ဖို့ အထောက် အပံ့ကောင်းတွေ ရသွားတော့တာပါ။

တချို့ကျတော့ သမထတရားကို သိပ်အားထုတ်တာပါ။ ဘုရားတွေ၊စေတီတွေ၊တောင်တွေမှာ လိုက်ပြီး နာရီပေါင်းများစွာ ရက်ပေါင်းများစွာ ဝီရိယရှိရှိနဲ့ အားထုတ်ကြတာပါ။ သူမတူအောင်ဝီရိယရှိကြတဲ့သူတွေပါ။

ပြောရရင် သမထနဲ့ပဲလမ်းဆုံးနေတာပါ။ အဲဒီဝီရိယတွေနဲ့ သမထကတစ်ဆင့် ဝိပဿနာဘက်ကူးသွားနိုင်ရင် သိပ်ကောင်းတာပါ။ ဝီရိယက ရှိပြီးသားဆိုတော့ ဝိပဿနာတရားမှာလည်း အခက်အခဲမရှိ လောက်တော့ပါဘူး။ အဓိကသမထနဲ့ပဲ လမ်းဆုံးမနေဖို့ပါ။

ဒီလိုပါပဲ “တို့ကတော့ ဝိပဿနာလိုင်းပဲ”ဆိုပြီး သမထကို လျှော့ချမထားရပါဘူး။ တရားအားထုတ်တဲ့အခါ ဝိပဿနာတရားကိုပဲ ဆက်ကာ ဆက်ကာ အားထုတ်နေရမယ်လို့ မဆိုပါဘူး။ တရားအားထုတ်တယ်ဆိုတာ အမြဲတမ်းတော့ကောင်းမနေနိုင်ပါဘူး။ တစ်ခါတလေလည်း တရားအားထုတ်ရင်းနဲ့ စိတ်ပင်ပန်းငြီးငွေ့မှုတွေ ဖြစ်လာတတ်ပါတယ်။ စာမှာတော့ အဲဒီလိုအခါမျိုးမှာ ဝိပဿနာတရားကိုခဏရပ်ထားပြီး သမထတရားကို ပြန်အားထုတ် ရမယ်လို့ ဆိုပါတယ်။

စာမှာ ဥပမာပေးထားတာကတော့ စစ်သားတစ်ယောက်ဟာ စစ်တိုက်လို့မောပန်းလာတဲ့အခါ ကတုတ်ကျင်းထဲပြန်ဝင်၊ အမောဖြေ၊ အစာရေစာစား၊ ကျည်ဆန်ဖြည့်၊ အမောပြေတဲ့အခါ အားအင်တွေပြည့်တဲ့အခါ ကတုတ်ကျင်းထဲက ပြန်ထွက်ပြီး စစ်ပြန်တိုက်ရသလို တရား အားထုတ်နေ တဲ့ယောဂီ ဟာလည်း ဝိပဿနာတရားအားထုတ်လို့ စိတ်ပင်ပန်းငြီးငွေ့လာရင် စစ်သားဟာ ကတုတ်ကျင်းထဲပြန်ဝင်ပြီး အမောဖြေ အနားယူရသလို ဝိပဿနာ တရားကို ခဏရပ်ပြီး သမထကိုပြန်အားထုတ်ပါတဲ့။ သမထအားထုတ်လို့ စိတ်ပြန်ကြည်လင်လာပြီဆိုမှ ဝိပဿနာတရား ကို ပြန်အားထုတ်ပါတဲ့။

ဒီအဋ္ဌကထာအဖွင့်လေးကို မှတ်ထားပြီး ဝိပဿနာအားထုတ်လို့  စိတ်ပင်ပန်း ငြီးငွေ့လာရင် ဝိပဿနာကို ခဏရပ်ထားပြီး သမထကို ပြန်အားထုတ် ဖို့ပါ။ ဂုဏ်တော်ပဲပွါးပွါး၊ မေတ္တာပဲပွါးပွါး၊ ကိုယ်နှစ်သက်ရာ သမထ တစ်ခုခုကို ပွါးလိုက်ဖို့ပါ။ ဂုဏ်တော်ပွါးလိုက်ရင် စိတ်က ပြန်ကြည်လင်လာတာပါပဲ။ ကိုယ့်ဘဝကိုယ် ကြည်ညို တာလည်း ရှိမယ် မကြည်ညိုတာလည်းရှိမယ်။ ကြည်ညိုခြင်း မကြည်ညိုခြင်းတွေဟာ အတိတ်ကာလက ပြုခဲ့ ပြောခဲ့တာတွေ နဲ့လည်း ဆိုင်နေပါတယ်။ အကုသိုလ်ကိုတွေးရင် အကုသိုလ်ပါ။ ကုသိုလ်ကိုတွေးရင် ကုသိုလ်ပါ။ အကုသိုလ်ကိုတွေးရင် အကုသိုလ်ဆိုတော့ ဘာပြုလို့ ပြုခဲ့ ပြောခဲ့တဲ့ အကုသိုလ်တွေ ပြန်တွေးနေတော့မှာလဲ။ တွေးချင်ရင် ပြုခဲ့ ပြောခဲ့တဲ့ ကုသိုလ်ကိုပဲ တွေးတော့မှာပေါ့။

ဘဝမှာ မှားခဲ့လို့ ကိုယ့်ကိုယ်ကိုမကြည်ညိုဘူးဆိုရင် အသစ်ပြန်တည်ဆောက်ရုံပါပဲ။ အထူးသဖြင့် ဝိပဿနာတရားနဲ့ပြန်တည်ဆောက်တာ အကောင်း ဆုံးပါပဲ။လောကမှာ ဝိပဿနာထက်ကောင်းတာဘာမှမရှိတော့ပါဘူး။ ဝိပဿနာအားထုတ်ရင် သီလကလည်းတွဲပါနေတာပါပဲ။ အကုသိုလ် ပယ်နည်းတွေလည်း တော်တော်များများသိထားပြီဆိုတော့ ဝင်လာတဲ့အကုသိုလ်ကိုလည်း ကိုယ်နဲ့ အဆင်ပြေမယ့် ပယ်နည်း တစ်ခုခုနဲ့ပယ်ပစ်ရုံပါပဲ။

ကဲ….. စာဖတ်သူကော ကိုယ့်ကိုယ်ကို ကြည်ညိုရဲ့လား? မကြည်ညိုဘူးဆိုရင် အသစ်ပြန်တည်ဆောက်လိုက်ပါ။ ဒါဆိုရင် အသစ်ပြန်ဖြစ်သွား ပါလိမ့်မယ်။

ဘာပဲဖြစ်နေဖြစ်နေ စာဖတ်သူရယ် “ ငါ တရားအားထုတ်ဖို့ အဓိက”ဆိုတဲ့အတိုင်း တရားသာအားထုတ် လိုက်ပါတော့။ ဒါကိုတော့ ရင်ထဲက ပြောတာပါ။
ဒါဆိုရင် စာရေးသူသိပ်ကြိုက်တဲ့ စကားလေးနဲ့ပဲ နိဂုံးချုပ်လိုက်ကြပါစို့။

“ဘာပဲဖြစ်နေဖြစ်နေ ငါ တရားအားထုတ်ဖို့ အဓိကပါပဲ ”

မေတ္တာများဖြင့်                                                        ဆရာတော်အရှင်ရာဇိန္ဒ ( ရဝေနွယ် - အင်းမ )


No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...