.
ဗိုလ်တထောင်စေတီတော် ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရား ဗုဒ္ဓ၀ံသရက္ခိတ အသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့်နေ့ သောကြာနေ့တွင် စတင်တည်ထောင်သည်...
ဗုဒ္ဓ၀ံသရက္ခိတ အသင်းလူငယ်များ

Photobucket

ရန်ကုန်တိုင်း ၊ ဆိပ်ကမ်းမြို့နယ် ဗိုလ်တထောင်စေတီတော်ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်မဟာမုနိဘုရားကြီး၏ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးကို ၁၃၆၈ ခုနှစ် သီတင်းကျွတ်လပြည့် (အဘိဓမ္မာအခါတော်နေ့) တွင်စတင်ဖွဲ့စည်းတည်ထောင်ခဲ့ပါသည်။ အသင်း၏အဓိကရည်ရွယ်ချက်မှာ ထေရ၀ါဒဗုဒ္ဓသာသနာတော် သန့်ရှင်းတည်တံ့ ၊ ပြန့်ပွားရေးအတွက် ကာလဒေသနှင့်အညီဆောင်ရွက်ရန် လူငယ်လူရွယ်များ ဗုဒ္ဓအဆုံးအမ နှင့်အညီ ယဉ်ကျေးလိမ္မာစေရန် ဗုဒ္ဓ ဓမ္မ သံဃ ရတနာသုံးပါး၏ ဝေယျာဝစ္စ များစနစ်တကျဆောင်ရွက်တတ်စေရန်တို့ဖြစ်ပါသည်။ ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီးသည် အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ၊ ဇမ္ဗူ့ဥသျှောင်တိလောကမာန်အောင်အဟာမုနိရုပ်ရှင်တော်မြတ်ကြီးအား ရောင်တော်ဖွင့်ခြင်း ၊ ပရိတ် ပဋ္ဌာန်း၊ ဓမ္မစကြာများ ရွတ်ပွားပူဇော်ခြင်း ၊ ဗုဒ္ဓပူဇနိယပွဲတော်တွင် ပဋ္ဌာန်းပူဇော်ပွဲ ၊ ပိဋကတ်သုံးပုံနှင့် ပရိယတ္တိသင်ရိုးညွှန်းတမ်းစာအုပ်များလှူဒါန်းခြင်း ၊ ရပ်နီးရပ်ဝေးမှဘုရားကြေးဆင်းတုတော်များကို ရောင်တော်ဖွင့်ပေးခြင်း ၊ အထူးတရားပွဲများ ၊ သွေးလှူဒါန်းပွဲများကျင်းပခြင်း ၊ အခါကြီး နေ့ကြီး ရက်များ၌ စတုဒီသာများ ကျွေးမွေးလှူဒါန်းခြင်း၊ မသိုးသင်္ကန်းနှင့် ထမနဲထိုးပွဲများ စီစဉ်ကျင်းပပေးခြင်း ၊ ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းများဖွင့်လှစ်ခြင်း စသော သာသနာပြုလုပ်ငန်းများကို တက်ကြွစွာ ကြိုးပမ်းဆောင်ရွက်လျှက်ရှိပါသည်။

ဗုဒ္ဓ၀ံသရက္ခိတအသင်းကြီး၏သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာထမဲနဲပွဲ ကြားသိသမျှ

ဗုဒ္ဓ၀ံသရက္ခိတအသင်းလူငယ်များမှ ဦးစီးသော သတ္တမအကြိမ်မြောက်အထူးတရားပွဲ နှင့် စတုဒီသာ ထမဲနဲပွဲအစီအစဉ်ကို ဖေဖော်ဝါရီလဆန်း ပိုင်းတွင်ပြုလုပ်သွားမည်ဖြစ်ကြောင်း
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်ထံမှသိရှိရသည်။

အဆိုပါတရားပွဲကြီးကို အထူးအစဉ်အဖြစ် ချစ်သူများနေ့ တွင် ရွှေပါရမီတောရဆရာတော်အရှင်ဆန္ဒဓိက မှ
ချစ်သူများနေ့တရားကိုဟောကြားမည်ဖြစ်ကြောင်း...

စတုဒီသာ ထမဲနဲပွဲ အစီအစဉ်ကိုဖေဖော်ဝါရီလ ၆ ရက် တနင်္လာနေ့ ညနေပိုင်းတွင်
ဘုရားဖူးလာ ဓမ္မမိတ်ဆွေအပေါင်းတို့အား အရုတ်အလတ်အမြတ် မရွေး ကျွေးမွေးမည်ဖြစ်ကြောင်း...

အလှူဝင်ထည့်ဝင်လှူဒါန်းနိုင်ပါကြောင်း နိဗ္ဗာန်အကျိုးမျှော်ကိုး၍ အသိပေးနိုးဆော်လိုက်ပါသည်။
အလှူရှင်များဆက်သွယ်ရန်
ဗုဒ္ဓ၀ံသရက္ခိတ အသင်း ဥက္ကဋ္ဌ ကိုညီထွေးအောင်
Ph: ၀၉၇၃၁၆၁၇၇၂ ( 0973161772 )
Gmail nyi499@gmail.com
သို့ ကိုယ်တိုင်တိုက်ရိုက်ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးလိုက်ရပါသည်။

ဝေယျာဝစ္စ အလုပ်ကိုစိတ်ဝင်စားသော အသင်းသား ၊ အသင်းသူ
များကို လည်း လက်ခံနေကြောင်း အသိပေးသွားပါသည် ဟု သိရှိရပါသည်။
ထမဲနဲ ပွဲကို ၆ - ၂ - ၂၀၁၂ တပို့တွဲလဆန်း ( ၁၄ ) ရက်နေ့ တွင် ၎င်း
သတ္တမ အကြိမ်မြောက် အထူးတရားပွဲကြီးကို ၇ - ၂ - ၂၀၁၂ မှ ၁၆ - ၂ -၂၀၁၂ နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကြားသိရပါသည်။

Thursday, November 3, 2011

ကိုယ်စောင့်တရားလေးပါး

ဗုဒ္ဓဘာသာဝင်တိုင်းရဲ့ ပန်းတိုင်ဟာ နိဗ္ဗာန်ချမ်းသာလို့ ငယ်စဉ်တည်းက ကြားခဲ့၊ သိရ၊ သင်ခဲ့ရဖူးပါတယ်။ ဒါပေမဲ့ အဲဒီ့အချိန်တုန်းက နိဗ္ဗာန်ဆိုတဲ့ သဘောကို စင်စစ် နားမလည် မသိတတ်ခဲ့သေးပါ။ နိဗ္ဗာန်ဆိုတာ ချမ်းသာခြင်း ဆိုတဲ့ သဘောမျှ သက်သက်နဲ့ ကျွန်မ အရွယ်ရောက်လာခဲ့တယ်။ ဒီလိုနဲ့.. ကျွန်မ မရင့်မကျက် တရားအကြောင်း သိတယ်ဆိုရုံလေး ဖြစ်လာချိန်ကျ အရင်က အချိန်တွေကို နှမြောတတ်ခဲ့တယ်။ ဒီလိုနဲ့ သိတာထက် နားလည်မှုဆီကို ကြိုးစားတဲ့လမ်းတလျှောက်မှာ လျှောက်နေလေတော့မှ ကျွန်မ ပိုပြီး သိရှိလာခဲ့ ရတာက ကုန်သွားတဲ့အချိန်တွေဟာလဲ ဘာမှ မဟုတ်ဘူး။ အနာဂတ်ဖြစ်လာမယ်ဆိုတာတွေကလဲ ဘာမှ မဟုတ် ဘူး။ တကယ့်အာရုံစိုက်လို့ နေရမယ့်အလုပ်ဟာ ကျွန်မရဲ့ လက်ရှိ အချိန်ဆိုတာ သိရှိခဲ့ပါတယ်။ ဒါနဲ့ပဲ ကျွန်မတို့ တရားအလုပ်လုပ်.. တရားအားထုတ်ကြမယ်ဆိုတဲ့လမ်းပေါ်ကို ရောက်ရှိခဲ့ပြီ။ ဘာလုပ်ကြမလဲ။ ဘယ်လို လုပ်ကြမလဲ။ စတာနဲ့ ဘာမှ တရားနာကြားမှု မရှိဘဲ ဝိပဿနာ လုပ် ဆိုပြီး စလုပ်လို့ မရတဲ့ အတွက် တရားတွေ နာကြားရပါတယ်။ ဘုရားက တရားမထိုင်လို့ တရားမရဘူးလို့ မဟောခဲ့ပေမဲ့ တရားမနာလို့တော့ ဘယ်နည်း နဲ့မှ တရားရနိုင်မယ်မဟုတ်ကြောင်း ဟောကြားခဲ့တဲ့အတွက် တရားတွေ နာကြားကြရမယ်။

အများစုဟာတော့ အထင်တခုရှိတတ်ကြတယ်။ ဒါကတော့ မထိုင်ဘဲ တရားမရဘူးဆိုတဲ့ အထင်ပါ။ ဒီအထင်ဟာ တရားရလိုသူတွေအတွက် စစချင်းမှာ အနှောင့်အယှက်ပေးနိုင်ပါတယ်။ တရားလဲ သေသေချာချာ မနာယူဘဲ အာနာပါန… အာနာပါန နဲ့ချည်း စခန်းသွားမယ်ဆိုရင် တရားရဖို့လမ်းကြောင်းဆီ ဦးမတည်သေးပါဘူး။ အဓိက နံပါတ်တစ်ကတော့ ဘုရားကို ကြည်ညို၊ တရားကို ကြည်ညို၊ သံဃာကို ကြည်ညိုဖို့ ဖြစ်ပါတယ်။ နောက်တချက် ကတော့ မိမိရဲ့ လောဘ၊ဒေါသ၊တွေကို ကင်းစင်အောင် ကြိုးစားရပါမယ်။ ထိုင်နေရင်း လောဘဖြစ်၊ ဒါတရား မဟုတ်သေးပါဘူး… ထိုင်နေရင်း ဒေါသဖြစ်၊ ဒါတရားမဟုတ်သေးပါဘူး။ မတရားဖြစ်နေပါတယ်။ ဒီလိုဆို တရား ရရမယ့်အစား အပါယ်လားဖို့ကံ မြောက်သွားပါလိမ့်မယ်။ ဒါကြောင့် တရားအားမထုတ်မီမှာ တရားအားထုတ် တယ်ဆိုတာ ဘာလဲဆိုတာကို သိထားကြဖို့ လိုအပ်ပါတယ်။ တရားအားထုတ်တယ် ဆိုတာဟာ မိမိစိတ်ကလေး ဒေါသတွေကင်းအောင်၊ မိမိစိတ်ကလေး လောဘတွေကင်းအောင်.. ချုံ့ပြောလိုက်ရရင် အစဉ်အေးချမ်း နေအောင် ပြုလုပ်တာပါ။ တရားရတယ်ဆိုတာလဲ လောဘ၊ဒေါသ၊မောဟတွေ ကင်းပြီး စိတ်ကလေး ကြည်လင် နေရင်ပဲ တရားရှိနေပါပြီ။ တကယ်တော့ တရားအားထုတ်တယ်ဆိုတာ မိမိကိုယ်မိမိ အေးချမ်းနေစေဖို့ပါ။ အရိယာဖြစ်မဖြစ်ဆိုတာကတော့ တရားရဲ့အလုပ်ပါ။ ကိုယ့်ဘက်က လုပ်ရမှာက တရားစောင့်ဖို့ပါပဲ။ ဘယ် တရားမျိုးတွေ စောင့်ကြမလဲ။ ကျွန်မတို့ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပြီ ဆိုတည်းက ရတနာသုံးပါးနဲ့ ငါးပါးသီလကို မကျိုးမပျက် ဆောက်တည်ကြရမယ်ဆိုတဲ့ အသိ ရှိပြီးပါပြီ။ ဒီတော့ ကျွန်မ ရှေ့ဆက်ပြီး ကိုယ်စောင့်တရား ၄ ပါးနဲ့ တရားစောင့်ပုံကို မျှဝေပေးချင်ပါတယ်။ ကိုယ်စောင့်တရားလေးပါး ဆိုတာသည် မေတ္တာကမ္မဌာန်း၊ ဗုဒ္ဓနုဿတိ ကမ္မဌာန်း၊ အသုဘကမ္မဌာန်းနဲ့ မရဏနုဿတိကမ္မဌာန်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီ့ ကိုယ်စောင့်တရားလေးပါးကို ပါဋ္ဌိလိုမှာတော့ စတုရာရက္ခလို့ ခေါ်ပါတယ်။

မေတ္တာ ကမ္မဌာန်း

မေတ္တာတရားဆိုတာကို အနက်အဓိပ္ပါယ်တွေ ဖွင့်နေဖို့ မလိုအပ်ဘူးလို့လဲ ပြောလို့ရသလို လိုအပ်တယ်လို့လဲ ပြောလို့ရပါတယ်။ တကယ့်မေတ္တာစစ်ဟာ ပြောနေကျနှုတ်က ထွက်လာတဲ့ မေတ္တာဆိုတဲ့ အရာတွေထက် ပိုပြီး လေးနက်ကျယ်ဝန်းပါတယ်။ မေတ္တာစစ်ဆိုတာ ကိုယ့်အပေါ်မှာ ကောင်းသည်ဆိုးသည်မဟူ.. မပျက်သုဉ်းနိုင်တဲ့ သဘောရယ်ပါ။ ထို့အတူပဲ ကိုယ့်သွေးသားဖြစ်ဖြစ် သူစိမ်းအပေါ်မှာဖြစ်ဖြစ် အနည်းအများကွာဟမသွားနိုင်တဲ့ မေတ္တာပါ။ ဒါပေမဲ့ ဒါကို ကျွန်မတို့ ပုထုဇဉ်တွေ ထားနိုင်ပါတယ်လို့ ပြောရင် ဒါဟာ လိမ်တာပါပဲ။ ကျွန်မတို့ မလိမ်မညာ မဖုံးကွယ်ဘဲ ဝန်ခံကြည့်ကြရအောင်။ ကျွန်မတို့နဲ့ စိတ်သဘောတူသူတွေ၊ ကျွန်မတို့အပေါ် အလိုလိုက်အကြိုက်ဆောင်သူတွေ၊ ကျွန်မတို့နဲ့ သွေးသားတော်စပ်သူတွေ၊ ကျွန်မတို့အပေါ် ကြင်နာယုယ သူတွေအပေါ်ကိုမှ မေတ္တာပိုရှိတတ်ကြတယ်ဆိုတာ ငြင်းလို့မရပါဘူး။ ဒါပေမဲ့လဲ သူတို့ကိုယ့်အပေါ် မကောင်းတဲ့ စိတ်ထားကြပြီဆိုရင် မုန်းတီးသွားတတ်ကြတယ် မဟုတ်ပါလား။ ဒီတော့ကာ.. ကျွန်မတို့ အကုသိုလ်တွေပဲ ဖြစ်ရမယ်။ ဒီတော့ ပထမဆုံးအဆင့်အနေနဲ့ ကိုယ့်ကိုကိုယ် မေတ္တာထားရမယ်။ ကိုယ်အကုသိုလ် မဖြစ်ဖို့ သူများအပေါ် မကောင်းမကြံနဲ့။ ကိုယ်အကုသိုလ်မဖြစ်ဖို့ အမုန်းတရား မပွားနဲ့။ ကိုယ်အကုသိုလ် မဖြစ်ဖို့ စိတ်ထားကောင်းမွေး..။ ဒီလိုမျိုးနည်းနဲ့ ကျင့်ယူမယ်ဆိုရင်တော့ ပိုပြီးလွယ်ကူ လာပါလိမ့်မယ်။ ကိုယ့်ကိုကိုယ်မှ မေတ္တာမထားနိုင်သေးဘဲ သူများကို မေတ္တာထားတယ် ဆိုတာသည်လဲ လောကွတ်တွေပါ။ လောကွတ်တွေ လုပ်မနေဘဲ ကိုယ့်ကိုကိုယ် မေတ္တာထားပြီး အကုသိုလ် မများအောင် နေနိုင်ဖို့ ကြိုးစားရမှာပါ။ ဘယ်သူ့အတွက်လုပ်နေတာမှမဟုတ်… ကိုယ့်အတွက်လုပ်နေတာဆိုတဲ့ အသိစိတ်လေးနဲ့ နေလိုက်ရင် အကုသိုလ်ဖြစ်မယ့် မေတ္တာပျက်ခြင်းမျိုး ရှိလာမှာ မဟုတ်တော့ပါဘူး။

ဗုဒ္ဓနုဿတိ ကမ္မဌာန်း

ဗုဒ္ဓနုဿတိပွားများတာကတော့ အမြဲလိုလိုလုပ်သင့်တဲ့အရာပါ။ ဒီအတိုင်း နေကြတဲ့အခါမှာ မကောင်းမှုတွေ လုပ်တတ်ကြပါတယ်။ အရဟံအစ.. ဘဂဝါ အဆုံးရှိတဲ့ ဗုဒ္ဓနုဿတိရယ်မှ မဟုတ်ပါဘူး။ အစပြုတဲ့အနေနဲ့ အမြဲတမ်းမှာ မြတ်စွာဘုရား သို့တည်းမဟုတ် ဗုဒ္ဓ သို့တည်းမဟုတ် ဘဂဝါ ဘယ်ဟာကိုပဲ အာရုံပြုနေပါစေ.. အဓိက အရာမှာ မြတ်စွာဘုရားရှင်ကို သတိတရ ရှိနေဖို့ ဖြစ်ပါတယ်။ အဲလို မြတ်စွာဘုရားရှင်ကို အမြဲတမ်း သတိတရနဲ့ အာရုံပြုနေရင်းနဲ့ အနားမှာ ဘုရားရှိတယ်ဆိုတဲ့ အသိလေးဖြစ်လာပြီး မကောင်းမှု ဒုစရိုက်တွေ ကို ဝေးဝေးကနေ ရှောင်သွားပါလိမ့်မယ်။ ဘုရားကို ယုံကြည်မှု သဒ္ဓါတရား ထက်သန်ရင် ထက်သန်သလောက် ဘုရားရှင်သက်တော်ထင်ရှားအနားမှာ စံနေတော်မူသည်ကို ဉာဏ်အစွမ်းဖြင့် သိရှိနိုင်မှာ ဖြစ်ပါတယ်။ ဘုရား အနားမှာ ရှိနေမှတော့ မကောင်းမှုတွေကို လုပ်ဝံ့တဲ့ လူမိုက် ရှိတော့မည် မထင်ပါ။ အကုသိုလ်ကို ရှောင်ပြီး ကုသိုလ်တရားတွေနဲ့ ထုံမွမ်းထားနိုင်ဖို့အတွက် အကောင်းဆုံးသော နည်းလမ်းပါ။

မရဏ နုဿတိ ကမ္မဌာန်း

မရဏနုဿတိဆိုတာ ပြုလုပ်နိုင်ဖို့ရန် အနည်းငယ်တော့ ခက်ခဲပါတယ်။ တနေ့သေရမှာ ဆိုရုံလောက်မျှ ကတော့ အားလုံးသိပြီးသားပါ။ မရဏနုဿတိမှာတော့ ဖြစ်လိုက်၊ ပျက်လိုက်၊ သေလိုက်၊ နေလိုက်.. ဖြစ်ဖြစ် သွားတဲ့ အသေတွေကို ဉာဏ်နဲ့ သိဖို့ပါ။ တနေ့သေရမယ်ဆိုတဲ့ သဘောထက်..အခုချက်ချင်း သေတော့မယ့် သဘောကို သိနိုင်ဖို့ လိုအပ်ပါတယ်။ မရဏနုဿတိပွားပါများ အားကောင်းလာပြီဆိုတဲ့အခါ အခုခြေလှမ်းမှာ တင် သေတော့မယ်။ အခု လက်အကမ်းမှာတင် သေတော့မယ်။ အခု အသက်ရှုတချက်မှာတင် သေတော့မယ်.. ငါ အခုပဲ သေတော့မယ် ဆိုတဲ့ … သေခြင်းကို လက်ခံနိုင်တဲ့အသိ၊ အမှန်တရားကို လက်ခံနိုင်တဲ့အသိ ရှိပြီး တကယ်တမ်း သေတဲ့အခါမှာလဲ ခြေမကိုင်မိ လက်မကိုင်မိ မဖြစ်တော့ပါဘူး။ သေမယ့် အကြောင်းကို မှတ်ရင်း သေရမှာ ကြောက်လာတယ်ဆိုရင် အဲဒါဟာ မရဏနုဿတိ မဟုတ်ပါဘူး။ တရားလဲ မဟုတ်ပါဘူး။ သေခြင်းကို မှတ်ရင်း သေမှာကို ကြောက်လာတယ်ဆိုရင် မတရားဖြစ်သွားပါလိမ့်မယ်။ မရဏ နုဿတိကို အစဉ်ပွားများ နေသူအဖို့မှာတော့ ငါ့ကိုယ်ကြီး ငါ့ခန္ဓာကြီးဆိုပြီး တငါငါနဲ့ အစွဲကို ပယ်စေပါတယ်။ သေတော့မယ့် ငါ့အကျိုးအတွက် အခြားသတ္တဝါတွေ လူတွေကို နှိပ်စက်ဖို့စိတ်ထားလဲ ကင်းသွားပါမယ်။ ဒါကြောင့် ဒါဟာလဲ အကုသိုလ်ပယ်ပြီး ကုသိုလ်တိုးစေမှာပါ။

အသုဘ ကမ္မဌာန်း

အသုဘ ကမ္မဌာန်းရှုပွားရာမှာတော့ လူသေကောင်ကြီးကိုမှ ပုပ်ပွနေတာကြီးကိုမှ ရှုရမယ်လို့ မဟုတ်ပါဘူး။ အသုဘ ကမ္မဌာန်းဆိုတာ သုဘလို့ ထင်နေသမျှအားလုံးအပေါ်မှာ ရှုပွားနေလို့ ရပါတယ်။ ကိုယ့်ကိုကိုယ် တင့်တယ် တယ်မှတ်၊ အဟုတ်ကြီးထင်နေတယ်။ ကိုယ့်ရဲ့ မတင့်တယ်မှု ဆံပင်၊ ချေး၊ မျက်ချေး၊ မျက်ရည်၊ သွားရည်၊ ချွေး၊ မစင်အညစ်အကြေး.. အဲဒါတွေကို သိပြီး ရှုမှတ်နေရပါတယ်။ ကိုယ့်ရဲ့ ခန္ဓာကိုယ် ဒွါရ ၉ ပေါက်လုံးက မတင့်တယ်တဲ့ အညစ်အကြေးတွေ အရည်တွေ ထွက်နေတယ်ဆိုတာကို သတိလေးနဲ့ ရှိနေရပါမယ်။ အိပ်ရာနိုးစ ထပြီး မှန်ကြည့်… အိပ်ချင်မူးတူး မျက်နှာ.. ဘယ်မလဲ တင့်တယ်နှစ်သက်စရာ… သွားမတိုက်ခင် ကိုယ့်ပါးစပ်လေး ကိုယ်ပြန်အုပ်.. အနံ့ခံကြည့်.. ဘယ်မလဲ တင့်တယ်နှစ်သက်စရာ…. အဲဒီ့လိုလေး အမြဲသတိလေးနဲ့ သိနေရပါမယ်။ ဒါမှ မိမိကိုယ်ကို အဟုတ်ကြီးထင်… မာန်တက်ရင်း ကိုယ်တိုင် ကိုယ်ကျ ပြုနေတဲ့ အကုသိုလ်တွေကနေ ကင်းဝေးနိုင်မယ် မဟုတ်ပါလား။ ငါ့ကိုယ်ကြီး တင့်တယ်စရာ မဟုတ်ဘူး ဆိုတဲ့ သဘောကို သိရှိနေသူအဖို့ ငါ့ကိုယ်ကောင်ကြီးကောင်းစားဖို့ဆိုတဲ့ အတွေးနဲ့ အကုသိုလ်ဒုစရိုက်တွေကို ပြုကြမှာ မဟုတ်တော့ပါဘူး။

အဲဒီ့ ကိုယ်စောင့်တရားလေးပါးကို မူလကမ္မဌာန်းလို့လဲ ခေါ်ပါတယ်။ တရားအားထုတ်တော့မယ်ဆိုရင် မူလကမ္မဌာန်းကို ပစ်ပယ်ထားလို့ မရပါဘူး။ မူလကမ္မဌာန်းဟာ တရားထိုင်တာနဲ့ တူပါတယ်။ တရားထိုင်တယ်ဆိုရာမှာ လူခန္ဓာကိုယ်ကြီး ထိုင်နေတာကို မဆိုလိုပါဘူး။ စိတ်ထိုင်နေတာပါ။ တရားအားထုတ်တယ်ဆိုတဲ့အလုပ်ဟာ စိတ်ရဲ့ အလုပ်ဖြစ်ပါတယ်။ လူက လှုပ်နေနေ ငြိမ်နေနေ အဓိက စိတ်ကလေးထိုင်နေဖို့ပဲ ဖြစ်ပါတယ်။ အဲဒီ့စိတ်ကလေးတွေကို မူလကမ္မဌာန်းဆိုတဲ့ ကိုယ်စောင့်တရား ၄ပါးမှာ အမြဲပေးထိုင်နေရပါမယ်။ တရားအားထုတ်တယ်ဆိုတာ စိတ်ကလေးငြိမ်ပြီး တည်ကြည်ကာ ကုသိုလ်တရားတွေ ပွားများဖို့ ဖြစ်ပါတယ်။ အရာရာကို ဆိုင်ချင်ကြတဲ့ ကျွန်မအပါအဝင် ပုထုဇဉ်လူသားတို့အတွက် တရားအားထုတ်ရာမှာ အခြားအရာတွေလို ကိုယ်နဲ့ဆိုင်တယ်လို့ မှတ်ယူရင်း အကုသိုလ်တိုးစေတာမျိုး မဟုတ်တဲ့ ကိုယ်နဲ့ဆိုင်တယ်ဆိုတဲ့ စိတ်ထားကြောင့် ကုသိုလ်တွေသာ ထပ်ခါထပ်ခါ တိုးပွားစေမယ့် ကိုယ်စောင့် တရားလေးပါး အကြောင်းကို မျှဝေလိုက်ပါတယ်။ ဓမ္မမိတ်ဆွေ သူတော်စင်များအားလုံး ကိုယ်စောင့်တရား လေးပါး ဆိုတဲ့ မူလကမ္မဌာန်း တွေမှာ စိတ်ကလေးတွေ ထိုင်နိုင်ကြပါစေ။


(ကျေးဇူးတော်ရှင် ဓမ္မဒူတဆရာတော် အရှင်ဆေကိန္ဒ၏ နေစဉ်အလုပ် နေ့စဉ်လုပ် တရားတော်မှ အနှစ်သာရများကို ယူ၍ ထပ်ဆင့်အကျယ်ဖွင့်ရေးသားပါသည်။)


မေတ္တာဖြင့်

ထိပ်ထား

No comments:

Post a Comment

ကျနော်များ၏ ဗုဒ္ဓ၀ံသရက္ခိတ အစီအစဉ်များကိုဝင်ရောက်အားပေးကြသော အရိယာအနွယ်ဝင်သူတော်ကောင်းအပေါင်းတို့ သည်စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံရပါစေသတည်း...

Related Posts Plugin for WordPress, Blogger...